စက်သုံးဆီဈေးနှုန်းများ ကျပ် ၁၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်

စက်သုံးဆီဈေးနှုန်းများ ကျပ် ၁၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်

နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်လာကြောင်း စစ်ကော်မရှင်၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သတ်မှတ်ချက်အရ သိရသည်။

အဆိုပါ ကော်မတီ သတ်မှတ်ချက်အရ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၈၀၀ နီးပါး ၊ 95 တလီတာလျှင် ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တလီတာလျှင် ကျပ် ၁,၂၀၀ ကျော် ထပ်မံ မြင့်တက်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်တွင်လည်း မတ် ၁၉ ရက်က 92 တလီတာလျှင် ကျပ် ၂,၉၁၀ ၊ 95 တလီတာလျှင် ကျပ် ၃,၀၁၀ ရှိခဲ့ရာမှ ယမန်နေ့ 92 တလီတာလျှင် ကျပ် ၃,၆၉၀ နှင့် 95 တလီတာလျှင် ကျပ် ၃,၉၃၀ ရောက်ရှိလာသည်။

ပရီမီယံ ဒီဇယ်မှာလည်း မတ်လ ၁၉ ရက်က တလီတာလျှင် ကျပ် ၃,၆၄၀ ရှိရာမှ ယမန်နေ့ ၄,၉၀၀ အထိ စစ်ကော်ရှင်၏ ကော်မတီက တိုးမြှင့် သတ်မှတ်ထားသည်။

စက်သုံးဆီဈေးနှုန်းများသည် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၂,၃၀၀ ကျော်မှ ၂,၄၀၀ ကျော်အတွင်းသာရှိခဲ့သည့်အတွက် လက်ရှိ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့က တနေ့ကို ၁၀,၀၀၀ ဖိုးပဲရတယ်။ အဲ့ဒါကို Qr Code က ဖတ်သေးတယ်။ ပြီးတော့ ဆီဈေးက ဒီနေ့တအားထိုးတက်သွားတာ။ ဒီနေ့ ၇၀၀ လောက်တက်သွားတာပေါ့။ (ဆီဆိုင်မှာ တန်းစီရတာတွေ) ရှိသေးတယ်။ တန်းပဲစီရတာလေ။ အရင်နေ့တွေကလည်း အဲ့ဒီ ၁၀,၀၀၀ ဖိုးရဖို့ တန်းစီရတာပဲ” ဟု နေပြည်တော်မြို့ခံတဦးက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများ၊ စစ်ကော်မရှင်က စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များကို မီတာခ တယူနစ်လျှင် ကျပ် ၉၀၀ တိုးကောက်မှုများနှင့်အတူ ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း အိမ်ရှင်မများ ပြောသည်။

စက်သုံးဆီနှင့် ပတ်သက်ပြီး မြန်မာတွင် အရန်ဆီ ရက် ၄၀ စာရှိပြီး ဆီမချရသေးဘဲ ဆိပ်ကမ်းတွင်ကပ်ထားသည့် သင်္ဘောနှစ်စီးနှင့် ဝယ်ယူထားပြီးသား စက်သုံးဆီများ တင်ဆောင်ပြီးလာနေသည့် နောက်ထပ် သင်္ဘော ၁၄ စီးလည်း ရှိသည့်အတွက် စက်သုံးဆီပြတ်လပ်စရာအကြောင်းမရှိဟု စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၄ ရက်နေ့တွင် ပြောဆိုခဲ့ဖူးသည်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီချွေတာရမည်ဟုဆိုကာ စစ်ကော်မရှင်က EV မှလွဲပြီး စုံရက်များတွင် စုံအက္ခရာပါသည့်ပုဂ္ဂိလကပိုင်ယာဉ်များ၊ မရက်များတွင် မအက္ခရာ ပါသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်ရန်သတ်မှတ်ထားသည့်အပြင် မော်တော်ယာဉ်များကိုလည်း Qr Code ဖြင့် တရက်ကို တကြိမ်သာ ဆီရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင်လည်း မော်တော်ယာဉ် တစီးလျှင် ကျပ် ၅၀,၀၀၀ ဖိုး၊ သုံးဘီးအငှားယာဉ် တစီးလျှင် ကျပ် ၁၀,၀၀၀ ဖိုးနှင့် ဆိုင်ကယ်တစီးလျှင် ကျပ် ၅,၀၀၀ ဖိုးသာ ရရှိကြောင်း နေပြည်တော်မြို့ခံတဦးကပြောသည်။

June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...
June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...