NUG လက်အောက်ခံ ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း စီးနင်းခံရ

NUG လက်အောက်ခံ ယင်းမာပင်ခရိုင် (၃၅) တပ်ရင်းစခန်း စီးနင်းခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို စစ်ကော်မရှင်တပ်က စီးနင်းမီးရှို့သွား၍ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်များ ဆုံးရှုံးသွားကြောင်း ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းက ယမန်နေ့ (မတ်လ ၁၉ ရက်) တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် ၎င်းတို့ စခန်း ရှိရာနေရာကို မတ်လ ၇ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်တပ်ဆီ ခိုလှုံသွားတဲ့ BNRA မှ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တချို့ရဲ့ဦးဆောင်လမ်းပြမှုနဲ့ မိမိတို့ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) က စီးနင်းခံရပေမဲ့ သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေက အထိအခိုက် မရှိဘဲ ဘေးကင်းစွာ ရွှေ့ ပြောင်းနိုင်ခဲ့ပါတယ်” ဟု တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တပ်ရင်းအား စီးနင်းမီးရှို့သွားသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းထဲတွင် BNRA မှ ဗိုလ်နဂါးတပ်ဖွဲ့ဝင်တချို့ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တပ်ဖွဲ့များအနေဖြင့် ရှေ့တန်းစစ်မျက်နှာတွင် ရင်ဆိုင်နေရချိန် ဖြစ်သည့်အတွက် ပြန်လှန်ခုခံနိုင်ခြင်းမရှိသော်လည်း နောက်ချန်အင်အားအနည်းငယ်ဖြင့် စခန်းအတွင်းရှိ အရေးကြီးပစ္စည်းတချို့ကို သယ်ယူနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) က ဆိုသည်။

သို့သော် စခန်းအတွင်းရှိ အဆောင်များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများ၊ ဆိုင်ကယ်ငါးစီးနှင့် ထုတ်လုပ်ရေးပစ္စည်းများ မီးရှို့ခံလိုက်ရကြောင်း ဆိုသည်။

“အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ကျွန်တော်တို့ရဲ့စခန်းကိုသာ မီးရှို့ဖျက်ဆီးခဲ့လို့ ရနိုင်ပေမဲ့ လူထု လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ တရားမျှတမှုကို ပြန်လည်ရယူပေးမယ့် ကျွန်တော်တို့ရဲ့ တည်ကြည်ခိုင်မာတဲ့ စိတ်ဓာတ်ကို မီးရှို့ ဖျက်ဆီးလို့ မရကြောင်း ပြည်သူလူထုကို အသိပေးပါတယ်” ဟု ယင်မာပင်ခရိုင်တပ်ရင်း (၃၅) က ပြောဆိုထားသည်။

ယင်းမာပင်ခရိုင်ထဲပါဝင်သော ပုလဲမြို့နယ်အခြေစိုက်သည့် BNRA အဖွဲ့ ခေါင်းဆောင်ဗိုလ်နဂါး နှင့် တပ်ဖွဲ့ ဝင် တချို့သည် စစ်ကော်မရှင်တပ်နှင့်ပူးပေါင်းသွားပြီးနောက် အခြားသော တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများပါ ပေါက်ကြားနိုင်ကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများကိုပြုလုပ်ထားရန် တော်လှန်ရေး တပ်ဖွဲ့ များက တပ်လှန့်ထားခြင်းများ ရှိခဲ့သည်။

လက်ရှိအချိန်မှာလည်း BNRA တပ်ဖွဲ့ အခြေစိုက်ခဲ့ရာ ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာနှင့် အနီးတဝိုက်နေရာများကို စစ်ကော်မရှင်တပ်ဖွဲ့ က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် နီးပါးတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီးမေးမြန်းရန် ယင်းမာပင်ခရိုင်တပ်ရင်း (၃၅) တာဝန်ရှိသူထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...