စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျောက်ဖြူစစ်ဘေးရှောင်များမှာ လက်ရှိတွင် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
လက်ရှိ စစ်ဘေးရှောင်နေကြရသည့် နေရာမှာ သောက်သုံးရေ ရရှိသည့် ရေတွင်း၊ ရေကန်များနှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိသဖြင့် သောက်သုံးရေ ရရှိရေး ခက်ခဲစွာ သွားရောက် ခပ်ယူနေရကြောင်း စစ်ဘေးရှောင်များက ဆိုသည်။
လက်ရှိ သောက်သုံးရေရရှိနေသည့် နေရာများတွင် ရေခမ်းခြောက်သွားပါက ယခုထက် ပိုမိုခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။
ဆင်ဘုတ်ကျေးရွာမှ စစ်ဘေးရှောင်လာသူ ဒေါ်သဇင်ဦးက “ အခုလောလောဆယ် ရေ အခက်အခဲ ဖြစ်နေတယ်။ ဒီတစ်ရက်၊ နှစ်ရက်လောက်ပဲ သုံးလို့ ရတော့မယ်။ နောက်ထပ် ဘယ်နေရာတွေမှာ ခပ်လို့ရမလဲဆိုတာ မသိသေးဘူး။ သူများရွာမှာ သွားခပ်မယ်ဆို ရင်လည်း လက်ခံမလား၊ လက်မခံဘူးလား ဆိုတာ မသိရဘူး။ လက်ရှိကတော့ ဒီတစ်ရက် နှစ်ရက် လောက်ပဲ သုံးလို့ ရတော့မယ်” ဟု DMG ကို ပြောသည်။
ဆင်ဘုတ်ကျေးရွာကို စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာမှ စ၍ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်လာရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များ နေထိုင်ရာနေရာတွင် ဆင်ဘုတ်ရွာမအပါအဝင် ကျွန်းကြီး၊ စပါးထား၊ မော်ကြီး စသည့်ကျေးရွာမှ အိမ်ထောင်စု ၁၃၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော် နေထိုင်ကြကြောင်း သိရသည်။
သောက်သုံးရေ အခက်အခဲကို ဖြေရှင်းနိုင်ရန် လူမှုကူညီရေးအဖွဲ့အစည်းများက ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ သောက်သုံးရေ ရရှိရေး တူးဖော်ခဲ့ကြသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ များပြားလာမှုနှင့် နွေရာသီသို့ ရောက်ရှိလာမှုကြောင့် ရေခမ်းခြောက်မှုများရှိနေကြောင်း ပြောဆိုကြသည်။
ထို့ပြင် သန့်ရှင်းသည့် သောက်သုံးရေ ရရှိမှု မရှိ၍ အရေးပြားနှင့် ဝမ်းရောဂါအပါအဝင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုပါ ရင်ဆိုင်နေရပြီး စိုးရိမ်မှုများ ရှိနေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ယင်းအပြင် ရေတစ်အိုး ရရှိရန်အတွက် တစ်နာရီနီးပါးကြားမြင့်သည့် အခြားနေရာများအထိပါ သွားရောက်ခပ်ယူနေရသည်ဟု စစ်ဘေးရှောင် ဦးဉာဏ်သန်းက ပြောသည်။
“ သောက်ရေက နောက်ကျတဲ့ သူဆိုရင် နောက်ကျိနေတဲ့ အနောင်ရေပဲ ရတော့တယ်။ အစောကြီး ခပ်တဲ့လူကတော့ နည်းနည်းအဆင်ပြေတယ်။ သုံးရေကတော့ အပေါ်က ကန်မှာလည်း သစ်ရွက်တွေကျလို့ အနီရောင် ဖြစ်နေတယ်။ အောက်က ကန်မှာဆိုရင်လည်း နောက်ကျိနေပြီး နည်းနည်းပဲ ကျန်တော့တယ် ” ဟု ဦးဉာဏ်သန်း က ဆိုသည်။
သောက်သုံးရေ ရှားပါးမှုအပါအဝင် အခြားတစ်ဘက်တွင်လည်း နေထိုင်ရေး မလုံခြုံမှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကျန်းမာရေး ပြဿနာများကိုပါ ထပ်ဆင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
သား၊ သမီး အပျိုများရှိသည့် မိသားစုများတွင်လည်း နေအိမ်၊ အမိုးအကာနှင့် အိမ်သာ မလုံခြုံမှုတို့ကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုများရှိကြောင်း စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးရှောင် ဒေါ်စံဝေခိုင်က “ကိုယ့်မှာက သမီးအပျိုနဲ့ ရေချိုးရုံနဲ့ အိမ်သာ မရှိဘူး။ ဖြစ်သလို နေထိုင်နေကြရတယ်။ သမီးအပျို၊ သားလူပျိုတွေနဲ့ နေကြသူတွေရှိတယ်။ အိမ်သာတွေတော့ ရချင်တယ်” ဟု ပြောသည်။
ဤကဲ့သို့ အခက်အခဲများကြောင့် အခြားနေရာဒေသများကို ရွှေ့ပြောင်းချင်သော်လည်း လက်ရှိတွင် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသဖြင့် ရွှေ့ပြောင်းရန် စိန်ခေါ်မှုများ ရှိနေသည်။
ထို့အတူ ရခိုင်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များမှာလည်း လက်ရှိတွင် သောက်သုံးရေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် အကူအညီပေးရန် တောင်းဆိုမှုများ ရှိနေသည်။







