စစ်ကိုင်းတိုင်း ကောလင်းအစပ်က ရွှေဖောင်များကို လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း ကောလင်းအစပ်က ရွှေဖောင်များကို လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကောလင်းမြို့နယ် အစပ်ရှိ ရွှေဖောင်များကို စစ်ကော်မရှင်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၆ ဦး သေဆုံးပြီး ရွှေဖောင် ၁၅ ခု ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ဟုမ္မလင်းလေတပ်စခန်းဘက်မှ တက်လာသည့် ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ကျွန်းလှမြို့နယ်နှင့် ကောလင်းမြို့နယ်အစပ်ရှိ သဖန်းဆိပ်ဆည်အတွင်း ရွှေမျှောလုပ်ငန်း လုပ်ကိုင်နေသည့် ရွှေဖောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဖောင်များပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သားလုပ်သား များ အနက် လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦးကို အတည်ပြုထားနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက “ဟုတ်ကဲ့ဗျ။ ရွှေဖောင်တွေတော့ ခဏခဏ ပစ်ခံနေရတာပေါ့။ တစ်နေ့ကပစ်တာတော့ ရွှေဖောင် ၁၅ ခု ပျက်စီးသွားတယ်။ သေဆုံး ၆ ဦးလို့ ကြားသိထားရတယ်ဗျ။ အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း မြစ်ချောင်းများနှင့် ဆည်များအတွင်းရှိ ရွှေဖောင်လုပ်ငန်းခွင်များကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဖောင်လုပ်ကွက်များ တိုက်ခိုက်ခံရသဖြင့် ရွှေဖောင်လုပ်သား ၃၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ သေးသည်။

သဖန်းဆိပ်ဆည်ကိုမူ စစ်ကော်မရှင်က ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်နှင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တို့တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်ဟု Infinity Group က ထုတ်ပြန်ထားသည်။

အဆိုပါ သဖန်းဆိပ်ဆည်နှင့် ရေအားလျှပ်စစ်ရုံးအပါအဝင် အနီးဝန်းကျင် ကျေးရွာများကို တော်လှန်ရေး အင်အားစုများက ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက ထိန်းချုပ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဟုမ္မလင်းလေတပ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဖောင်းပြင်နှင့် မော်လိုက်မြို့နယ်များအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးချက် ထုတ်ပြန်ထားသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...