ဖားအံတွင် လိုင်စင်မဲ့ယာဉ်များ ဆီမရောင်းပေးသဖြင့် သွားလာရေး ပိုမိုခက်ခဲလာနေ

ဖားအံတွင် လိုင်စင်မဲ့ယာဉ်များ ဆီမရောင်းပေးသဖြင့် သွားလာရေး ပိုမိုခက်ခဲလာနေ

လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့မှစ၍ လိုင်စင်မဲ့မော်တော်ယာဉ်များအတွက် ဆီမရောင်းပေးတော့သဖြင့် ယာဉ်အသုံးပြုသူ ဒေသခံများ သွားလာရေး ပိုမိုခက်ခဲလာနေကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့အတွင်းရှိ စက်သုံးဆီဆိုင်ကြီးများတွင် ယာဉ်လိုင်စင်နှင့် ဝှီးတက်ပြနိုင်မှ ဆီရောင်းပေးသည့်စနစ် စတင်ခဲ့ရာ တစ်ပတ်ကျော်ကြာလာပြီးနောက် ဒေသတွင်းသွားလာရန် ဆီမရှိသဖြင့် နေအိမ်တွင်သာ သိမ်းဆည်းထားရသည့် အခြေအနေဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“တော်တော်များများက လိုင်စင်မဲ့တွေပဲ အသုံးပြုကြတာ။ ဆီမထည့်ပေးတော့ သွားရေးလာရေး ပိုပြီး အခက်အခဲဖြစ်တာပေါ့။ အခု မော်တော်ယာဉ်တွေကို အိမ်မှာပဲ သိမ်းထားရတဲ့ အနေအထား ဖြစ်သွားတယ်။” ဟု ၎င်းဖားအံမြို့ခံက ပြောသည်။

ထို့အပြင် လိုင်စင်မဲ့မော်တော်ယာဉ်များအတွက် ဆီရောင်းချပေးခြင်း၊ ဝယ်ယူခြင်း ရှိမရှိ ပြည်နယ် စစ်အုပ်စု အဖွဲ့ဝင်များက စက်သုံးဆီဆိုင်ကြီးအချို့တွင် စောင့်ဆိုင်းစစ်ဆေးနေသလို ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ဆီမှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ထပ် ဖားအံမြို့ခံတစ်ဦးကလည်း “ဆီမထည့်ပေးတော့ အရေးကြီးတဲ့ကိစ္စအတွက် အသုံးပြုဖို့ လိုအပ်လာမှ အပြင်သွားတော့တယ်။ ဆီဈေးက အရမ်းကြီးနေပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသတွင်း သတင်းအရင်းအမြစ်များအရ လက်ရှိ ဖားအံအပါအဝင် ကရင်ပြည်နယ် ဆီမှောင် ခိုဈေးကွက်၌ စက်သုံးဆီတစ်လီတာလျှင် ငွေကျပ် တစ်သောင်းနှင့်အထက်တွင် ရှိနေပြီး လိုသလောက်လည်း ဝယ်ယူ၍မရတော့ကြောင်း သိရသည်။

ထို့အပြင် လိုင်စင်ရှိသည့် ယာဉ်များလည်း စစ်အုပ်စုသတ်မှတ်ဈေးဖြင့် လောင်စာဆီ အကန့်အသတ်ထား ရောင်းချနေသည့် နေရာတွင် ဆီရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူနေရသည်ဟုလည်း ဖားအံမြို့ခံများက ပြောသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...