ကျားဖြန့်ရုံအနီး ပလောတပို့စစ်ရှောင်စခန်း၏ မရေမရာကံကြမ္မာ

ကျားဖြန့်ရုံအနီး ပလောတပို့စစ်ရှောင်စခန်း၏ မရေမရာကံကြမ္မာ

ခေါင်မိုးနှင့်ဘေးပတ်လည် တာလပတ်အကာများပြဲ၍ ဝါးကပ်ကြမ်းခင်းပေါ်မှ သွေးအကွက်လိုက်မှာ ထင်းခနဲ။ တဲပေါ်တွင်လည်း တစ်ကိုယ်ရေတစ်ကာယပစ္စည်းများ ပြန့်ကြဲ၍ ဖရိုဖရဲ ရှိနေသည်။

တစ်ချို့လူနေတဲပေါ်တွင် ဆောင်းရာသီ၌ အနွေးဓာတ်ပေးခဲ့သော ရှားပါးဂွမ်းစောင်ကအဆုံး မသယ်နိုင်၊ ထားသွားခဲ့ရသောမြင်ကွင်းကိုကြည့်၍ ဒရုန်းပေါက်ကွဲသံကြားသည့်အချိန် သူတို့စိုးရိမ်ကြောက်လန့်မှု မည်မျှကြီးခဲ့ကြောင်း ခန့်မှန်း၍ ရချေသည်။

နေ့လယ်နွေနေပူပြင်း၍ တရေးတမော အနားယူချိန်၊ ကာယလုပ်သားများ၏ နေ့ခင်းထမင်းစား ပြန်နားချိန် မွန်းတည့် (၁၂) နာရီကျော်ကျော်တွင် တိုက်ခိုက်လာသည့် ဒရုန်း။ အသေခံ (ကာမီကာဇေ) ဟုလည်း လူသိများသော ဒရုန်းနှစ်စင်းမှာ စစ်ဘေးရှောင်စခန်းတည့် တည့်ရည်ရွယ်တိုက်ခိုက်သောကြောင့်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မတ်လ (၁၄) ရက်နေ့က အာဏာသိမ်း စစ်အုပ်စုတပ် ပစ်ခတ်သော ဒရုန်းစထိမှန်၍ စစ်ဘေးရှောင် အမျိုးသားတစ်ဦး နေရာတွင်သေဆုံးပြီး မတ်လ (၁၅) ရက်နေ့စာရင်းအရ (၂) ဦးအထိ ဒဏ်ရာရရှိထားသည်။

“လက်နက်ကြီးလှမ်းထုတာ မရောက်တော့ ကာမီကာဇေဒရုန်းကို သူတို့လွှတ်လိုက်တာ စစ်ဘေးရှောင် ဆေးရုံတစ်ဝိုက်မှာ ထိသွားတယ်” ဟု လေးကေကော်လူငယ်ကွန်ရက်မှ နော်ဂျက်က ပြောသည်။

ပလောတပို့ (ခေါ်) အမိုးပြာ စစ်ဘေးရှောင်စခန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ယာယီ စစ်ဘေးရှောင်စခန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ လေးကေကော်မှ စစ်ရှောင်များအပါအဝင် အိမ်ခြေတစ်ထောင်ကျော် စစ်ဘေးရှောင် လေးထောင်ကျော်ရှိ စခန်းကြီးတစ်ခု ဖြစ်သည်။

စခန်းအတွင်း ဆေးပေးခန်း၊ ခွဲစိတ်ခန်းနှင့် လူနာထားရန်နေရာများရှိ၍ အတိုင်းအတာတစ်ခုအထိ ကျန်းမာရေးအထောက်အပံ့ ပေးနိုင်သောကြောင့် စခန်းတွင်း ကွန်းခိုနေထိုင်ကြသူများသာမက ပြင်ပနေထိုင်သူများအတွက်ပါ ကျန်းမာရေးအပိုင်းတွင် အားထားကြရသည်။

ယခုမူ ဆေးကုသသူအပါအဝင် စခန်းအတွင်း လူမရှိ၊ စစ်ရှောင်အားလုံး သောင်ရင်းမြစ် နှင့်ဘေးလွတ်ရာနေရာများတွင် ထပ်မံစစ်ရှောင်နေကြရပြန်သည်။

နော်ဂျက်က “ဒီနေ့ဆို လက်နက်ကြီးတော့မကျတော့ဘူး ဒါပေမဲ့ပစ်ကြတာတော့ရှိသေးတယ်။ ဒါပေမဲ့ စခန်းထဲပြန်မနေရဲသေးဘူး အဲဒီချောင်းဘေးနားမှာပဲ။ တချို့ကတော့ ဟိုးအပေါ် ဘက်သွားရွှေ့ထားတယ်။” ဟု ယမန်နေ့က ပြောသည်။

အမှန်စင်စစ် ဒရုန်းမကျမီရက်ပိုင်းကတည်းက ပလောတပို့စခန်း၏လုံခြုံရေးအခြေအနေအား စိုးတထိတ်ထိတ် ရှိနေခဲ့ရသည်ဟု ပလောတပို့စခန်းတာဝန်ရှိသူအပါအဝင် စစ်ရှောင်များက တစ်ညီတစ်ညွှတ်တည်းဆိုသည်။

အကြောင်းမှာ မတ်လ (၁၃) ရက်နေ့က စခန်းနှင့်အနီးဆုံးရှိ ဖလူး၊ ကျွန်းတော ဒေသအခေါ် (အုတ်ဖို) ဆောက်လက်စ ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းခြံဝင်းအတွင်း လက်နက်ကြီးများ ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုရက်က အနီးကပ်ထွက်ပေါ်လာသည့် လက်နက်ကြီးသံများကြောင့် ပလောတပို့စခန်းရှိ စစ်ရှောင်များ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။

“ကြောက်တာပေါ့၊ အရမ်းကြောက်တယ် ကမ်းနားကိုထွက်ပြေးချင်နေပြီ။” ဟု ပလောတပို့စခန်းနေ စစ်ရှောင်အမျိုးသမီးက မတ်လ (၁၃) ရက်နေ့က ပြောသည်။

ထို့အပြင် လူမမယ်သားသမီးများကိုခေါ်ဆောင်၍ သောင်ရင်းမြစ်ကမ်းဘေးသို့ ကြိုတင်တိမ်း ရှောင်ကြသည့် မိခင်စစ်ဘေးရှောင်များကိုလည်း မြင်တွေ့ခဲ့ရသည်။

ဆောက်လက်စ အဆောက်အအုံများအပါအဝင် ခန့်မှန်းခြေ ဧကသုံးဆယ်နီးပါး အကျယ်အဝန်းရှိ အဆိုပါ ကျားဖြန့်၊ ကာစီနိုရုံမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ပလောတပို့စခန်းအနီးတွင် စတင်ပေါ်ပေါက်လာပြီး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ထိန်းချုပ်ထားကြောင်း သိရသည်။

DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် ကွပ်ကဲသည့် ကျားဖြန့်ရုံဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

၎င်းအပါအဝင် DKBA ၏ ခေါင်းဆောင်လေးဦးမှာ နယ်စပ်ကျားဖြန့်ကိစ္စဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာမှ စတင်ပါဝင်လာသူများဖြစ်ကြသည်။

“တရုတ်ဆိုက်ကို စစ်ရှောင်စခန်းနဲ့ တအားနီးနီးနားနားသွားချထားတော့ ပြည်သူ တွေကို ဒုက္ခပေးသလိုဖြစ်နေတယ်။ သူတို့(စစ်တပ်)ပစ်ခတ်တဲ့အခါ စစ်ရှောင်နေရာအထိရောက်လာတာ ရှိနိုင် တယ်။” ဟု ပလောတပို့ စစ်ရှောင်များအား အနီးကပ် အကူအညီပေးနေသူက မတ်လ (၁၃) ရက်နေ့က ပြောသည်။

စစ်ရှောင်စခန်းအနီး ဆောက်လက်စ ကျားဖြန့်ရုံများနှင့်ပတ်သက်၍ DKBA အဖွဲ့ ပြောခွင့်ရသူကို ကေအိုင်စီအနေဖြင့် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

အမေရိကန်ဘက်က အကူအညီရပ်ဆိုင်းမှုကြောင့် ထိုင်း-ကရင် နယ်စပ်ရှိဒုက္ခသည်စခန်းများပါ ထောက်ပံ့မှုဖြတ်တောက်ခံနေရသည့်ကာလအတွင်း စစ်ဘေးရှောင်များအတွက် အကူအညီရရှိရန်မှာ မလွယ်ကူပေ။

တကျော့ပြန်စတင်လာသည့် လေးကေကော်ဒေသတိုက်ပွဲကာလ ၂၀၂၅ ခုနှစ်ကတည်းက ပလောတပို့စစ်ရှောင်စခန်းကို ပြန်လည်လည်ပတ်ရန်လိုအပ်ခဲ့ပြီး သောက်သုံးရေရရှိရန်၊ အမိုးအကာ နေရာထိုင်ခင်းများ ရရှိရန် အလှူရှင်ရှားပါးသည့်ကြားမှ တဖြည်းဖြည်း တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။

မတ်လ (၁၄) ရက်နေ့က စစ်အုပ်စု ဒရုန်းတိုက်ခိုက်သည့်လုပ်ရပ်ကမူ စစ်ရှောင်ရှေ့ ဆက်နေ့ရက်များအတွက် အဆိုးဆုံးအခြေအနေကို တွန်းပို့နေပြီး ဘဝမလုံခြုံ၊ စိတ်ပျက်မှုကို ဖြစ်စေသည်။

စခန်းပြန်နေ၍ရသည့်တိုင်အောင် မြဝတီတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် စစ်အုပ်စုနှင့် KNLA တိုက်ပွဲ၊ စစ်အုပ်စု၏ ဒရုန်းနှင့်လက်နက်ကြီးရန် မငြိမ်းသေးသရွှေ့ ပလောတပို့စစ်ရှောင်များအတွက် အကာအကွယ်နှင့် စိတ်လုံခြုံရေးကို ဆက်လက်ပေးနိုင်ခြင်းရှိမရှိ သေချာမပြောနိုင်တော့ပါ။

သို့သော် နိုင်ငံခြားသားများအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်သေဆုံးသူရှိခဲ့ပြီးနောက် ဖလူး၊ ကျွန်းတော ကျားဖြန့်ဆိုက်တွင် မတ်လ (၁၃) ရက်နေ့ကတည်းက ခေါင်းဆောင်ပိုင်းများအပါအဝင် အလုပ်သမားများ နေရာပြောင်းရွှေ့သွားကြပြီဟု ဒေသသတင်းများက ဖော်ပြသည်။

လတ်တလောတွင်မူ မြဝတီ၌ DKBA တပ်ဖွဲ့ဝင်များပတ်သက်မှုရှိသည့် လောင်းကစားဝိုင်းများကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးမှုမှအစပြု၍ နှစ်ဖက်တပ်ဖွဲ့ကြား အခြေအနေတင်းမာနေသည်ဟု စောင့်ကြည့်သူများက သုံးသပ်ပြောဆိုလျက်ရှိသည်။

ဝင်ငွေပေါသည့်ကျားဖြန့်ဆိုက်များ အလွယ်တကူနေရာရွှေ့ပြောင်း၍ရသော်လည်း နေရပ်မပြန်နိုင် သည့်စစ်ရှောင်များကမူ ဘေးလွတ်ကင်းနိုင်သော ခြုံနွယ်များကြား ပုန်းခိုနေထိုင်ရင်း ရွေးချယ်စရာမရှိသည့် စခန်းပြန်နိုင်မည့်ရက်အား မျှော်လင့်နေကြရသည်။

“ကိုယ်က စစ်ဘေးရှောင်ဆိုတော့ ဘာများပြောပိုင်ခွင့်ရှိမလဲ၊ လူကြီးပိုင်းတွေက သူတို့ရဲ့စီမံခန့်ခွဲမှုရှိတယ်ဆိုတော့။ ကိုယ်တွေကတော့ ကိုယ့်အိမ်ကိုယ့်နေရာမှ ပြန်နေလို့မရတာ” ဟု ပလောတပို့စစ်ရှောင်စခန်းနေ ကရင်အမျိုးသမီးတစ်ဦးက ဆိုသည်။

Most read this week

March 18, 2026
လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုမှုများသည့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၇)...
March 17, 2026
မောင်ကျော်စွာ — ‘အခြေခံဥပဒေ’ ရှိတယ်၊ ‘ရွေးကောက်ပွဲကျင်းပရေးကော်မရှင်’ ရှိတယ်၊ ‘နိုင်ငံရေးပါတီတွေ...
March 17, 2026
စစ်အုပ်စုက ကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းနှင့် လောင်စာဆီရှားပါးမှုကြုံနေရသည့် အချိန်တွင် ကေအဲန်ယူ...
March 16, 2026
မောင်ကျော်စွာ — (၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်) လာမယ့် မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ “...