မောင်ကျော်စွာ — ‘အခြေခံဥပဒေ’ ရှိတယ်၊ ‘ရွေးကောက်ပွဲကျင်းပရေးကော်မရှင်’ ရှိတယ်၊ ‘နိုင်ငံရေးပါတီတွေ’ ရှိတယ်၊ ‘ရွေးကောက်ပွဲတွေ’ ကျင်းပတယ် ဆိုတဲ့ အချက်အလက်တွေရှိတယ် ဆိုရင် “ပါတီစုံဒီမိုကရေစီစနစ်”ပဲ လို့ ယေဘုယျ အားဖြင့် ပြောကြဆိုကြလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ ဆက်စပ်ခင်းကျင်းပြောမှလည်း “ပါတီစုံဒီမို ကရေစီစနစ်” ကို ပုံဖော်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအချက်အလက်တွေထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အချက်အလက်တွေ လျှော့နည်းနေတယ်၊ မပြည့်မစုံဖြစ်နေတယ်ဆိုရင်တော့ အင်္ဂါမစုံတဲ့ ပါတီစုံဒီမိုကရေစီစနစ် သို့မ ဟုတ် တစ်ဝက်တစ်ပျက် သို့မဟုတ် တစ်ပိုင်းတစ်စ ပါတီစုံဒီမိုကရေစီစနစ်လို့ အကဲဖြတ်ပြီး ပြောကြမှာ ဓမ္မတာပါပဲ။ ရက်ရက်စက်စက် အားမနာစတမ်း ပြောကြစမ်းပါဆိုရင် ချိုကျိုး နားရွက်ပဲ့ ပါတီစုံဒီမိုကရေစီစနစ်ပဲလို့ ပြောကြမှာပါ။
အထက်မှာ တင်ပြခဲ့တဲ့ “ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်” ယေဘုယျအားဖြင့် အကဲဖြတ် ပြောဆိုနိုင်တဲ့ အချက်အလက်တွေကို မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ဖိနှိပ်ခြယ်လှယ်မှုအောက်က မြန်မာပြည်လက်တွေ့ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါစို့။ ဒီလိုနှိုင်းယှဉ်ကြည့်ခြင်းဖြင့် မြန်မာပြည်မှာ မင်းအောင်လှိုင် စစ်အုပ်စုက ကျင့်သုံးနေတယ်ဆိုတဲ့ “ပါတီစုံဒီမိုကရေစီစနစ် ဘာလဲ – ဘယ်လဲ” ဆိုတဲ့ မေးခွန်းကို ဂဃနဏ ဖြေဆိုနိုင်ပါလိမ့်မယ်။
မင်းအောင်လှိုင် စစ်အုပ်စုက ကျင့်သုံးနေတယ်ဆိုတဲ့ “ပါတီစုံဒီမိုကရေစီစနစ်”ရဲ့ နာမည်အပြည့်အစုံက “စစ်မှန် ၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်” ဖြစ်တယ်လို့ စစ်အုပ်စုလက်စွဲ “၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆။ ပုဒ်ခွဲ (ဃ) မှာ ဖော်ပြထားပါတယ်။
၂၀၀၈ အခြေခံဥပဒေ၊ ဦးသန်းစိုး ဥက္ကဋ္ဌ လုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ စုစု ပေါင်း ၆၃ပါတီ (ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ ၆ပါတီ – ပြည်နယ်/တိုင်းဒေသကြီး အဆင့်နိုင်ငံရေးပါတီ ၅၇ပါတီ) ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်။ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းခွဲပြီး ကျင်းပလျက်ရှိရာ အပိုင်း ၁ကို (၂၈-၁၂-၂၀၂၅) ရက်နေ့က ကျင်းပခဲ့ပြီး အပိုင်း ၂ ကို (၁၁ -၁- ၂၀၂၆) နဲ့ အပိုင်း ၃ ကို (၂၅-၁-၂၀၂၆) မှာ ကျင်းပပါလိမ့်မယ်။
အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေဟာ မင်းအောင်လှိုင် စစ်အုပ်စုအုပ်စိုးမှုအောက်မှာ လက်တွေ့တည်ရှိနေတဲ့ အခိုင်အမာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို အပေါ်ယံပဲကြည့်ပြီး အလွယ်တကူပြောမယ်ဆိုရင်တော့ အဝေးမြင်နဲ့ပြောမယ်၊ မြန်မာနိုင်ငံရေးသမိုင်းကြောင်းနဲ့ ဆက်စပ်မကြည့်နိုင်ဘဲ ပြောမယ်ဆိုရင်တော့ ပြည်ပနိုင်ငံတွေ ကလာတဲ့ အကဲခတ်လေ့လာသူတွေအဖို့ မြန်မာပြည်မှာ “ပါတီစုံဒီမိုကရေစီစနစ်” ရှိနေတယ်လို့ အလွယ်တကူပဲ ပြောမိ ဆိုမိကြမှာပါ။
အဲဒီအချက်အလက်တွေ (‘အခြေခံဥပဒေ’ – ‘ရွေးကောက်ပွဲကျင်းပရေးကော်မရှင်’ – ‘နိုင်ငံရေးပါတီတွေ’ – ‘ရွေးကောက်ပွဲတွေ’ ) လက်တွေ့ရှိနေတာကို ကျနော်လည်း မငြင်းလိုပါဘူး။
အဲဒီအချက်အလက်တွေအားလုံးဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စုလက်ထဲမှာ ရှိနေတယ်။ မင်းအောင်လှိုင်တို့ စစ်အုပ်စုက စိတ်ကြိုက် သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်တယ်။ ဒီအချက်အလက်တွေကို မင်းအောင်လှိုင်တို့ စစ် အုပ်စုက ကိုင်ပြီး ပြည်ပနိုင်ငံတွေကို မျက်လှည့်ပြနေတာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေဟာ မင်းအောင်လှိုင်စစ်အုပ်စု အလိုကျ ရွေးကောက်ပွဲရလဒ်ကို ဖန်တီးပေးဖို့ ခင်းကျင်း ပြသနေတဲ့ တစ်ခန်းရပ်ပြဇာတ်ထဲမှာ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နေကြရတဲ့ ဇာတ်ကောင်တွေမျှသာ ဖြစ်ပါ တယ်။ သူတို့ဟာ မင်းအောင်လှိုင် အလိုကျ ကပြ အသုံးတော်ခံနေကြတာပါ။
မင်းအောင်လှိုင်အလိုကျ ရွေးကောက်ပွဲကနေ မင်းအောင်လှိုင်အလိုကျ ရွေးကောက်ပွဲရလဒ်ကို ဖန်တီးပေး ပြီး၊ မင်းအောင်လှိုင်အလိုကျ ရွေးကောက်ပွဲက မင်းအောင်လှိုင်အလိုကျ လွှတ်တော်နဲ့ အစိုးရကို ဖွဲ့စည်းပါလိမ့်မယ်။ မင်းအောင်လှိုင်အလိုကျ လွှတ်တော်နဲ့အစိုးရက မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ပါလိမ့်မယ်။
ဒီဇာတ်သိမ်းခန်းကို ပီပီပြင်ပြင် ကပြနိုင်ဖို့ ရွေးကောက်ပွဲကို (၃)ပိုင်းခွဲပြီး ကပြနေတာဖြစ်ပါတယ်။
(၂၈-၁-၂၀၂၅) ရက်နေ့က တင်ဆက်သွားတဲ့ အပိုင်း (၁) အဖွင့်ဇာတ်ကွက်မှာတော့ မင်းအောင်လှိုင် အလိုကျ ကြံ့ဖွံ့ပါတီက အပြတ်အသတ် အနိုင်ရသွားတာကို တွေ့ကြရပါလိမ့်မယ်။ ဒါဟာ အံ့ဩစရာမဟုတ်ပါဘူး။ ဒီဇာတ်ညွှန်း ဟာ ဒီဇာတ်သိမ်းကိုရောက်အောင် ကသွားတယ်ဆိုတဲ့ သဘောပါပဲ။ ဒီလိုကပွဲမျိုးကို ၂၀၁၁ခုနှစ်မှာ စစ်အုပ်စုက ကပြခဲ့ ဖူးပြီးသားပါ။ ဗိုလ်သန်းရွှေဆီကနေ ဗိုလ်/ဦးသိန်းစိန် သမ္မတနဲ့ ဗိုလ်ရွှေမန်းလွှတ်တော်ထံ ချောမွေ့လွယ်ကူစွာ လက်ပြောင်းပေးခဲ့တယ် မဟုတ်ပါလား။
ဒါပေမယ့် စစ်အုပ်စုက ထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင် အပိုင်း (၁) မှာ မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်း ကျော် ရှိသည့်အနက် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းက မဲပေးပြီး ၄၇ ဒသမ ၈၇ ရာခိုင်နှုန်းက မဲမပေးခဲ့ပါဘူး။ မဲပေးခွင့်ရှိသူ ပြည်သူ ၄၇ ဒသမ ၈၇ ရာခိုင်နှုန်းက မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ အပိုင်း (၁) ရွေးကောက်ပွဲကို အာခံအံတု ပြလိုက် တာပါ။ ဒီပြကွက်က မြန်မာပြည်သူတွေရဲ့ ဘာမထီစိတ်ဓာတ်ကို ဖော်ပြတာပါ။ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် မဟုတ်ရင် စိတ်မဝင်စားဘူး/ မဲမပေးလိုဘူး ဆိုတဲ့ဆန္ဒကို ဖော်ပြလိုက်တာပဲ ဖြစ်တယ်။
ဆန္ဒမဲဆိုတာ မဲပေးခွင့်ရှိသူရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ဆုံးဖြတ်ပြီး ပေးချင်ရင်ပေးနိုင်သလို မပေးလိုကလည်း မပေးဘဲ နေနိုင်တယ်။ မဲမပေးဘဲ မနေရဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မျိုး စစ်အုပ်စုက စိတ်ကြိုက်ချုပ်ကိုင်ထားတဲ့ ဘယ်ဥပဒေထဲမှာမှ ပြဋ္ဌာန်းထားတာ မရှိဘူး။
ဒါကို မင်းအောင်လှိုင်ရဲ့ပြောခွင့်ရှိသူ ဇော်မင်းထွန်းပါးစပ်ကနေ (၁၄-၁၂-၂၀၂၅) ရက်နေ့ သတင်းစာရှင်းလင်းပွဲ မှာ “ရွေးကောက်ပွဲကို အတင်းအကျပ်လုပ်၊ တုတ်နဲ့ရိုက်၍ မဲလာမထည့်မနေရ၊ ရွေးကောက်ပွဲကို မထောက်ခံဘဲ မနေရ ဟူ၍ မလုပ်ထားပါကြောင်း၊ လုပ်စရာလည်း အကြောင်းမရှိပါကြောင်း” ဆိုပြီး ပြောဆိုထားပါတယ်။
ထို့အတူ မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း “ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း” သင်တန်းဆင်းပွဲတွေမှာ၊ နေရာအနှံ့ သွားရောက်ရာမှာ အကြိမ်ကြိမ် ပြောထားတာတွေရှိပါတယ်။
စစ်အုပ်စုရဲ့ထုံးစံအတိုင်း သူတို့ ပါးစပ်က မည်သို့ပင်ပြောထားစေကာမူ – ဥပဒေက မည်သို့ပင်ဆိုထားစေကာမူ “နိုင်ငံသားတာဝန် ကျေပွန်အောင် မဲပေးရမယ် – အမျိုးသားရေးတာဝန် ကျေပွန်အောင် မဲပေးရမယ်” – “မဲမပေးတာ ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို မထောက်ခံတာ ဖြစ်တယ်” ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို မင်းအောင်လှိုင်တို့၊ အောင်လင်းဒွေးတို့ပါးစပ်နေ ပြောဆိုခဲ့ကြပါတယ်။
ဒီအပြောအဆိုနဲ့ ဒီလုပ်ရပ်က မဲဆန္ဒရှင်တွေဆိုတာ ငါတို့ စစ်အုပ်စုလက်ခုပ်တွင်းက ဖြစ်တယ်ဆိုတာကို ဖော်ပြတာပါ။ ကြည်းရေလေ တပ်ဖွဲ့တွေအတွင်းက မဲတွေ၊ စစ်ကျောင်းတွေ၊ ဝန်ထမ်းကျောင်းတွေ၊ ဝန်ထမ်းတွေရဲ့ မဲတွေဆိုတာ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ “အပိုင်စီးထားနိုင်တဲ့ ခိုင်လုံမဲတွေ” ဖြစ်ပါတယ်။
အပိုင်း (၁)မှာ အဲဒီမဲတွေနဲ့ သူတို့လိုချင်တဲ့ရလဒ် မင်းအောင်လှိုင်လိုချင်တဲ့ ရလဒ် (ကြံ့ဖွံ့ပါတီက အများစု အနိုင်ရတဲ့ရလဒ်)ကို ဖန်တီးခဲ့ကြပြီးပါပြီ။ ကျန်တဲ့ အပိုင်း ၂ နဲ့ ၃ မှာလည်း အလားတူ မင်းအောင်လှိုင် အလိုကျ ရလဒ် တွေကို ဖန်တီးသွားနိုင်လိမ့်မယ်ဆိုတာ နဲနဲမှ သံသယမရှိပါဘူး။
နောက်တစ်ချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်အုပ်စုက ဦးတည်ပြီး ခပ်ရမ်းရမ်း၊ ခပ်ရိုင်းရိုင်း ပြောတဲ့စကားဖြစ်ပါတယ်။ “ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုကို ဗဟိုပြုသည့်ရွေးကောက်ပွဲ ဖြစ်တယ်၊ မြန်မာ ပြည်သူလူထုမဲပေးနိုင်ရေးသည်သာအရေးကြီးတယ်၊ နိုင်ငံတကာက ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အရေးမပါကြောင်း”ဆိုတဲ့ပြောဆိုချက်ဖြစ်ပါတယ်။ အဲဒီလို လူမထင်တဲ့ ရမ်းကားတဲ့အပြောအဆို အရေးအသားတွေ (“ဘယ်သူအသိအမှတ်ပြုသည် မပြုသည်က အရေးမကြီး”)ကို စစ်အုပ်စုချုပ်ကိုင်ထားတဲ့ သတင်းစာတွေထဲမှာ အတိအလင်း ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ လုပ်ရပ်နဲ့ သဘောထားတွေ သူတို့လက်ထဲမှာ (‘အခြေခံ ဥပဒေ’ – ‘ရွေးကောက်ပွဲကျင်းပရေးကော်မရှင်’- နိုင်ငံရေးပါတီတွေ’ – ရွေးကောက်ပွဲတွေ’ ရှိတယ်။ သူတို့ “အလိုကျ ရွေးကောက်ပွဲရလဒ်”ကို သူတို့ကြိုက်သလို ဖန်တီးယူနိုင်တယ် – ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတာကို အထင်အရှား ထုတ် ဖော်ပြသနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
လက်ရှိနိုင်ငံတကာ အခြေအနေကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြမ်းကြမ်းရမ်းရမ်း လုပ်ဆောင် နေတဲ့ “ဗင်နီဇွဲလားအရေး” – လာလတ္တံ့ “ဂရင်းလန်အရေး”နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ အလုပ်ရှုပ်နေချိန်ဆို တော့ မင်းအောင်လှိုင်စစ်အုပ်စုအတွက် သူတို့ခင်းတဲ့ဇာတ် သူတို့ကြိုက်သလို ဇာတ်သိမ်းနိုင်ဖို့ အကွက်အကွင်း ကောင်း ဖြစ်နေဟန်တူပါတယ်။
များမကြာမီကာလမှာ “ရွေးကောက်ပွဲ ၃ပိုင်း” ကနေ မင်းအောင်လှိုင် အလိုကျရွေးကောက်ပွဲရလဒ်တွေကို ဖန်တီးပေးပြီး မင်းအောင်လှိုင်အလိုကျ ရွေးကောက်ပွဲရလဒ်က မင်းအောင်လှိုင်အလိုကျ လွှတ်တော်နဲ့ အစိုးရကို ဖွဲ့စည်းပါလိမ့်မယ်။ မင်းအောင်လှိုင်အလိုကျ လွှတ်တော်နဲ့အစိုးရက မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ပါ လိမ့်မယ်။
ဒီအခါမှာ ပြည်ပက အကဲခတ်များ လေ့လာစောင့်ကြည့်သူများအနေနဲ့ “ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာ ငါတို့ ထင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ငါတို့နိုင်ငံမှာ ငါတို့ယဉ်ပါးနေတဲ့ ပါတီစုံစနစ်မျိုး မဟုတ်ပါလား။ မတူပါလား။
“ဪ – မင်းအောင်လှိုင်တို့ပြောနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ မင်းအောင်လှိုင်တို့ စစ်အုပ်စု အလိုကျ ရွေးကောက်ပွဲရလဒ်ကနေ – စစ်အုပ်စုဩဇာခံလွှတ်တော်နဲ့ စစ်အုပ်စုကြိုးကိုင်တဲ့ အစိုးရကို ဖန်တီးပေးတဲ့ ကိရိယာပါ ကလား” ဆိုတဲ့အချက်ကို မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ကြလိမ့်မယ်လို့ မျှော်လင့် ယုံကြည်မိပါကြောင်း။







