မြင်းခြံခရိုင်တွင် ၂ လအတွင်း ဗုံးကြဲခံရမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး

မြင်းခြံခရိုင်တွင် ၂ လအတွင်း ဗုံးကြဲခံရမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)

ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး မီးတင်ရှို့ခြင်းကြောင့် အိမ်ခြေ ၄,၀၀၀ ကျော်ပြာကျကြောင်း သိရသည်။

အဆိုပါစာရင်းများမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနောက်ဆုံးပိုင်းအပြီး ယခုနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ လက်ရှိ မတ်လ ဒုတိယအပတ်အထိ မဇ္ဈိမသတင်းဌာနနှင့် မြင်းခြံမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်မတီမှ လက်လှမ်းမီသလောက်ကောက်ယူထားသော စာရင်းများဖြစ်သည်။

သို့သော် စာရင်းများမှာ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း အဆိုပါအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမသို့ပြောသည်။ 

“ဗုံးကြဲလို့မီးလောင်တာနဲ့တင် အိမ်ပေါင်း ၂၀၀ ကျော်ပျက်စီးတယ်။ အိမ်ခြေ ၄,၀၀၀ အထက်ဆိုတာက ရွာတွေကို မီးလိုက်ရှို့တဲ့စာရင်းပါ၊ အဲ့ဒီအထဲ ဘုရားစေတီပုထိုး၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့လည်းပါတယ်။ သေဆုံးတဲ့ ၁၀၀ ကျော်မှာ လသားအရွယ်လည်းပါတယ်။ နောက်ပြီးသေတဲ့စာရင်းထဲ ဘုန်းကြီး၊ ကိုရင် ငါးပါးလောက်ပါတယ်။ လေယာဉ်ကဗုံးမထိဘဲ နှလုံးလန့်သေတဲ့သူလည်း အပါအဝင်ပေါ့”ဟု ၎င်းကဆိုသည်။

မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့်ကျေးရွာများမှာခြေဆေး၊ ကွမ်းစိုက်၊ ကံဆင့်(မြောက်)၊ လက်ဝဲ၊ မြင်းနီ၊ ဆင်းကွပ်၊ တံစိုး၊ မလည်၊ညောင်တို၊ ကံနှောင်း၊ ရွာကြီး၊ ရွာသစ်၊ ခံစပ်ကုန်း၊ လုံးတော၊ သမန်းတော၊ ကွင်းပြန်ကုန်း၊ သံပို၊ ရုံးစင်ကြီး၊ ရုံးစင်လေး၊ ဆည်တို၊ ရွှေမောဓော၊ ကွမ်းအုံ၊ အင်ချောင်း၊ မန်ကျည်းစု၊ ထိန်ပန်းရွာသစ်၊ သမုန်းကိုင်း၊ ဖုံ၊ စံပြ၊ သဲတော၊ လေးရွာဆုံ၊ လက်သမားကန်၊ ပြဿဒ်ကြီး၊ တန်ဆောင်း၊ နဘူးအိုင်၊ ပြည်တော်သာ၊ သပြေသာ၊ တောင်ရှေ့၊ အောင်ပြည်စိုး စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်မတီမှ တာဝန်ရှိသူ၏အဆိုအရရွာကြီးရွာသစ်၊ မန်ကျည်းစု၊ ကံဆွယ်၊ လက်ဝဲ၊ မြင်းနီ၊ တံစိုး၊ မလည်၊ တလုတ်မြို့၊ သင်္ဘောတင်၊ ဒါးကျွန်း၊ ညောင်ပင်၊ ပျားနှင့် ခံစပ်ကုန်းကျေးရွာများမှာ ရွာလုံးကျွတ်ပြာကျသည့်အထိဖြစ်ကြောင်း ဆိုသည်။

“မီးရှို့တာ နေ့တိုင်းနီးပါးပဲ။ စစ်ဘေးရှောင် သောင်းချီလောက်က ဒုက္ခရောက်နေပြီ။ အိမ်ပြန်စရာ အိမ်လည်းမရှိတော့ဘူး။ နေလို့မရအောင်ကို မကုန်မချင်း ခဏခဏလာလာရှို့တာလည်းရှိတယ်။ သေသွားတဲ့အထဲ PDF ကလေးတွေလည်း ပါတယ်”ဟု ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။

၎င်း၏အဆိုအရ စစ်ကော်မရှင်တပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်းဆိုသော်လည်း တော်လှန်ရေးအင်အားစုဘက်မှထုတ်ဖော်ပြောဆိုခြင်းမရှိသဖြင့် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်ရာတွင် ဂျက်လေယာဉ်၊ ထောက်ပို့ရေးလေယာဉ်များထက် ကုန်ကျစရိတ်သက်သာသည့် ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတို့ကို အညာဒေသတွင် ခပ်စိပ်စိပ်အသုံးပြုလာကြောင်း ဒေသခံများကပြောသည်။

စစ်ကော်မရှင်တပ်သည် မတ်လ ၁၃ ရက်နေ့အထိ ကျေးရွာများကို မီးရှို့မှုများဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိတွင်မူ စစ်ကြောင်းများမှာ မြိုင်မြို့ဘက်သို့ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကော်မရှင်ထံ လေယာဉ်ဆီတင်သွင်းပေးနေသော သင်္ဘောများ၊ သင်္ဘောပိုင်ရှင်များ၊လုပ်ငန်းရှင်များ၊ လောင်စာဆီသိုလှောင်ကန်များနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) များကို နိုင်ငံတကာရှိအစိုးရများအနေဖြင့် အရေးယူပိတ်ဆို့ရန် Justice For Myanmar(JFM) က တောင်းဆိုထားသည်။

စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ မြန်မာနိုင်ငံသို့ပြည်ပမှ လေယာဉ်ဆီတင်သွင်းမှုမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း မက်ထရစ်တန်ချိန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ရှိလာခဲ့ခြင်းကြောင့် နှစ်ဆနီးပါးတိုးလာခဲ့ကြောင်း JFM က ဆိုသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...