စိုင်းခွမ်မိန်း — သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ စစ်ကော်မရှင် ထိန်းချုပ်ထားသည့် လားရှိုးမြို့အထိ တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း လားရှိုး-မူဆယ် ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားများက ပြောသည်။
“မူဆယ်-လားရှိုး လမ်းမကြီးကတော့ သွားလာလို့ ရပြီ၊ အခု လွှတ်ပေးနေပြီ။ ကုန်တင်ကားတွေ၊ ကားကြီးတွေလည်း သွားလာလို့ ရပြီ။ ကားသမားတွေ ပြောတာ လမ်းမကြီးအတိုင်း သွားတဲ့ ကားသေးတွေ မူဆယ်ဘက် ရောက်ပြီပြောတယ်။ ကိုးကန့်ဘက်က အကုန်လွှတ်ပေးနေတာ၊ သူတို့ အခွန်စာရွက်ပဲ မေးတယ်” ဟု လားရှိုး-မူဆယ်ခရီးစဉ် ပြေးဆွဲသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မတ်လ (၁၄) ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊ လွိုင်ဆမ်ဆစ်၊ မန်ပြိန်းနှင့် မြို့အနီးတဝိုက်ရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (မတ်လ ၁၅ ရက်) ညပိုင်းတွင် ဗျူဟာ တပ်စခန်းကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။
အဆိုပါ ကွတ်ခိုင်တိုက်ပွဲ ၂ ရက်အတွင်း TNLA ဘက်မှ ထိခိုက်ဒဏ်ရာရသူ (၁၈) ဦးနှင့် လက်နက်ချ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိပြီး၊ MNDAA ဘက်မှ ထိခိုက်ဒဏ်ရာ ရသူများလည်း သိန္နီဆေးရုံတွင် ဆေးကုသနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကွတ်ခိုင်ကိုတော့ ကိုးကန့်ဘက်က အကုန်လုံး သိမ်းလိုက်ပြီ။ TNLA ဘက်က လက်နက်ချတာနဲ့ အဖမ်းခံရတာလည်း ရှိတယ်၊ တချို့လည်း ထွက်ပြေးကြလို့ ပလောင်စစ်သားတွေ ပြန့်ကြဲကုန်တယ် ပြောတယ်။ မြို့ထဲမှာ တိုက်ပွဲဖြစ်တော့ ဒဏ်ရာရတာ ၁၈ ယောက် သိရတယ်၊ သေဆုံးတာတော့ စာရင်းမရဘူး။ နေရာစုံကနေ အရှင်ဖမ်းမိတာ စုစုပေါင်း ၁၀၀ ကျော်လောက် ရှိမယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကွတ်ခိုင်မြို့ပေါ်မှ TNLA တပ်ဆုတ်ခွာပြီး တပ်သား ၁၀၀ ကျော် MNDAA ထံ လက်နက်ချ အဖမ်းခံရခြင်းနှင့် ပတ်သက်၍ အတည်ပြု မေးမြန်းနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
အလားတူ ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ကွတ်ခိုင်မြို့ ဗျူဟာတပ်စခန်းကုန်းအနီး ဟိုကျန့်ကျေးရွာရှိ နေအိမ်တစ်လုံးထဲ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။
TNLA နှင့် MNDAA ကြား ညီနောင်မဟာမိတ်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေကြခြင်းသည် လက်ရှိတော်လှန်ရေး တစုံလုံးအတွက်ပါ အကျိုးသက်ရောက်မှု များစွာ ရှိနေကြောင်း နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှ ယနေ့ (မတ်လ ၁၆ ရက်)တွင် ထုတ်ပြန်လာသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ၏ ထုတ်ပြန်ချက်ထဲတွင် TNLA နှင့် MNDAA ကြား မိတ်ဖက်ပဋိပက္ခများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းကြဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းထားသည်။







