ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်မှ မိုင်းထိ၍ ခြေထောက်ဖြတ်လိုက်ရသူများအနေဖြင့် ခြေတုနှင့် ဘ၀ရပ်တည်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။
ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ဦးအောင်စံဌေးက “ လက်ရှိအခြေအနေကတော့ ICRC က ထုတ်ပေးထားတဲ့ လက်ထောက်လေးနဲ့ပဲ သွားလာနေရပါတယ်။ ခြေတုလက် ကျနော်မိုင်းထိတဲ့ အချိန်ကတော့ ICRC ကနေပြီးတော့ အရပ်အမောင်းနဲ့ ပေတိုင်းပါတယ်။ ဘယ်လောက် လိုအပ်မယ်ဆိုတဲ့ လိုအပ်ချက်လေးတွေကို သူတို့က သူတို့ဆီမှာတော့ မှတ်တမ်းတွေတော့ ရှိခဲ့ပါတယ်။ သို့သော်လည်း တိုက်ပွဲကာလဖြစ်ခဲ့တဲ့အတွက် ခြေတုလည်း မရလိုက်တော့ဘူး။ ဒါကြောင့် အခု လက်ရှိကတော့ လက်ထောက်ကလေးနဲ့ပဲ သွားလာနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ခြေတုတစ်ခု အမြန်ရဖို့ မျှော်လင့်နေပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဦးစံအောင်ဌေးသည် ၂ဝ၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မေယုတောင်တွင် ဝါးခုတ်ရန်သွားရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့သည်။
သူ့တွင် ဇနီးနှင့် ကျောင်းနေအရွယ်ကလေးများ အပါအဝင် စုစုပေါင်း မိသားစုခြောက်ဦးရှိပြီး လက်ရှိတွင် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာမှ ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုး အသက်(၅၀) အရွယ် ဦးထွီးအောင်လည်း မိသားစုနှင့် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေသဖြင့် ကူညီ လိုအပ်နေကြောင်း ပြောကြားသည်။
"အကူအညီတွေလိုချင်တယ်။ ဘယ်လို အကူအညီမျိုးလိုချင်လဲဆိုရင် ငွေရေး၊ ကြေးရေး အထောက်အပံ့လိုချင်တယ်။ လုပ်စားရမယ်ဆိုလည်း ငွေကြေးရှိမှ လုပ်စားလို့ ရမှာကိုး။ အခု ခြေထောက်ပြတ်နေတော့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ဘူး။ အရင်က ကျွန်တော်ကဘဲ ရှာဖွေရကျွေးမွေးခဲ့တာ မိသားစုကို။ အခုတော့ မိသားစု တစ်ခုလုံး အခက်အခဲဖြစ်နေကြရပါပြီ" ဟု ပြောသည်။
ဦးထွီးအောင်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်တဖက်ဆုံးရှုံးခဲ့ရပြီး လက်ရှိ ဇနီးနှင့်အတူ သားသမီးငါးဦးရှိကာ ဘဝ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင် ကျေးရွာမှ အသက်(၃၈) နှစ်ရှိပြီဖြစ်သော ဦးမောင်သန်းနိုင်ကလည်း ၂၀၂၄ ခုနှစ် မေလကတည်းက မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သော်လည်း ယနေ့ထိ ခြေတု တပ်ဆင်နိုင်ခြင်း မရှိသေး၍ စိတ်ဓာတ်ကျနေကြောင်း ပြောကြားသည်။
"အဓိကတော့ ကျနော် ခြေတု တစ်ချောင်းလောက်ရချင်ပါတယ်။ ခြေထောက်တု တစ်ချောင်းရရင်တော့ ကျနော် ဟိုလို ဈေးဆိုင်ဖြစ်ဖြစ်၊ တခြားစီးပွား ရေးလုပ်စားလို့ရပါတယ်။ သွားသွားလာလာ လုပ်လို့ ရပါတယ်။ ဒါကြောင့် ခြေတုတစ်ချောင်းက အမြန်ရချင်ပါတယ်”ဟု ပြောသည်။
၎င်းပြင် သူ့အနေဖြင့် ယခုလို ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ၍ မိသားစုအရေးကို ယခင်ကလို မလုပ်ကျွေးနိုင်သော်လည်း စီးပွားရေးအသေးတစ်ခုလုပ်ပြီး မိသားစုကို ပြန်ကူညီလိုသည်ဟု ပြောသည်။
“ အရင်းအနှီးလေး နည်းနည်းလောက် ရရင်တော့ကောင်းပါမယ်။ ကျွန်တော့မှာ ဇနီးနဲ့ သမီးလေး နှစ်ယောက်ရှိပါတယ်။ သူရဲ့ အကြီးဆုံးသမီးကတော့ လက်ရှိမှာ ၇ တန်းကျောင်းသူဖြစ်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် သမီးလေး လိုချင်တဲ့ ပညာရေးခရီးလမ်းကို အကောင်းဆုံး မပံ့ပိုးပေးနိုင်တဲ့အတွက် ရင်ထဲမှာ အားနာစိတ်တွေက အမြဲတမ်း ကြီးစိုးနေခဲ့တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ ၂၀၁၉ ကတည်းက စစ်ဘေးရှောင်နေခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်မှာ ရွာကို ပြန်ရောက်ပါတယ်။ ရွာမှာ အိမ်ပြန်ဆောက်လို့ပြီးတာနဲ့ ထင်းခုတ်ဖို့သွားတာ ၂၀၂၄ ငါးလပိုင်းမှာ အဲဒီမှာ မိုင်းနင်းမိပါတယ်"ဟု ဦးမောင်သန်းနိုင်က ပြောသည်။
ကိုမောင်သန်းနိုင်ဇနီးဖော် ဇနီးဒေါ် သီသီကျော်ကလည်း သူ့အမျိုးသားအတွက် ခြေတုတစ်ချောင်း အမြန်လိုအပ်နေသည်ဟု ပြောဆိုသည်။
"အမျိုးသားအတွက် အဓိက လိုချင်တာကိုတော့ အမျိုးသားအတွက် ခြေထောက်အတု တစ်ချောင်း ရချင်တာပါ။ အဲဒီ ခြေထောက်အတုတစ်ချောင်းရရင် သွားလာလို့ ရသွားမှာမို့ စားဝတ်နေရေးဖြစ်ဖြစ် အားလုံး အဆင်မပြေရင်လည်း နည်းနည်းအထောက်အပံ့ ဖြစ်မယ်လို့ ထင်ပါတယ်။ စားဝတ်နေရေးအတွက် ငွေရေးကြေးရေး အခက်အခဲတော့ ရှိပါတယ်။ ငွေကြေး
ထောက်ပံ့မဲ့အဖွဲ့အစည်းရှိရင်တော့ ကောင်းမှာပေါ့။" ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ကျန်မိုင်းနှင့် လက်နက်ခဲယမ်းများပေါက်ကွဲ၍ ဒဏ်ရာရရှိသွားပြီး ခြေထောက် ဖြတ်လိုက်ရသူအများအပြားရှိနေသော်လည်း အများစုမှာ အကူအညီ အထောက်အပံ့များ မရရှိသဖြင့် မိသားစုများမှာ ဘ၀ရပ်တည်ရေး အထူး အခက်အခဲဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။







