ရခိုင်တွင် ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိ

ရခိုင်တွင် ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိ

မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA)က ပြောဆိုလိုက်သည်။

ရခိုင်ပြည် မြို့နယ်ကိုးခုရှိ အဆိုပါရေသန့်စက်ရုံ ၄၆ ရုံကို FDA က မေလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့စဉ် စံမီသည့်စက်ရုံ ရှစ်ရုံသာတွေ့ရှိခဲ့ပြီး စံမမီသည့် ရေသန့်စက်ရုံ ၃၈ ရုံတွေ့ခဲ့ရသည်ဟု FDA ၏ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကိုကိုးကားပြီး APM သတင်းတွင် မေလ ၃၁ ရက်က ဖော်ပြသည်။

စံမီသည့်ရေသန့်စက်ရုံရှစ်ရုံမှာ ကျောက်တော်မြို့နယ်တွင် F-5 နှင့် Water Star၊ မြောက်ဦးမြို့နယ်တွင် Nie နှင့် King၊ မောင်တောမြို့နယ်တွင် KNN၊ ရသေ့တောင်မြို့နယ်တွင် Thant Myat နှင့် တောင်ကုတ်မြို့နယ်တွင် ရွှေပြည်ရခိုင်နှင့် Zee Zan Taung စက်ရုံတို့ဖြစ်ကြသည်ဟု သိရသည်။

စံမမီသည့် ရေသန့်စက်ရုံ ၃၈ ရုံမှာ ကျောက်တော်မြို့နယ်တွင် ၁၀ ရုံ၊ မြောက်ဦးမြို့နယ်တွင် ရှစ်ရုံ၊ မင်းပြားမြို့နယ်တွင် လေးရုံ၊ မြေပုံမြို့နယ်တွင် သုံးရုံ၊ မောင်တောမြို့နယ်တွင် လေးရုံ၊ ဘူးသီးတောင်မြို့နယ်တွင် နှစ်ရုံ၊ ရသေ့တောင်မြို့နယ်တွင် တစ်ရုံ၊ တောင်ကုတ်မြို့နယ်တွင် သုံးရုံနှင့် ရမ်းဗြဲမြို့နယ်တွင် တစ်ရုံတို့ဖြစ်ကြသည်။

လက်ရှိတွင် စံမမီသေးသည့်စက်ရုံများကို FDA က ပြင်ဆင်ချိန်ခြောက်လပေးထားပြီး သတ်မှတ်ကာလအတွင်း ပြုပြင်မှုများပြုလုပ်၍စံမီလာပါက စံမီသည့်ရေသန့်စက်ရုံများအဖြစ် ထပ်မံထုတ်ပြန်ပေးသွားမည်ဟုလည်း သိရသည်။

ယင်းသို့ စံမမီသည့် ရေသန့်စက်ရုံ များပြားနေရခြင်းမှာ ယခင်က စစ်အုပ်စုစီ၏ FDA ဌာနအနေဖြင့် ထောက်ခံချက်ထုတ်ပေးသည့်ပုံစံမျိုးဖြင့်သာ ကြီးကြပ်ခဲ့ပြီး မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးမှုများ အားနည်းခဲ့ခြင်း၊ ထောက်ခံချက် လျှောက်ထားခြင်းမရှိသည့် လုပ်ငန်းများကို စစ်ဆေးမှုမပြုလုပ်ဘဲ ထောက်ခံချက်လျှောက်ထားသည့် လုပ်ငန်းများကိုသာ စစ်ဆေးခဲ့ခြင်း၊ ဈေးကွက်အတွင်း၌ စစ်ဆေးမှုကင်းလွတ်သော (Black) လုပ်ငန်းများမှထုတ်ကုန်များ များပြားလာခြင်းနှင့် ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့်မီအောင်ထုတ်လုပ်မှု မရှိဘဲ များများ ရောင်းချနိုင်ရန် ဈေးကွက်ကိုသာ ချဲ့ထွင်ခြင်း စသည့်အကြောင်းများကြောင့်ဖြစ်ရသည်ဟု FDA က ဆိုသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသားတစ်ဦးက “ကျနော်အကြမ်းအားဖြင့်နားလည်ထားတာက ရေသန့်ဆိုရင် PH7 ဖြစ်ရမယ်။ ပြီးရင် FDA ထောက်ခံချက်ပါရမယ်။ ပြီးရင် ရေသန့်ကုန်ဆုံးရက်ပေါ့။ ခုတော့ ဈေးကွက်ထဲမှာ ကျနော်တို့ သောက်နေရတာက PH7 ပြည့်ပါတယ်လို့လည်း ရေသန့်ဗူးခွံမှာ အာမခံချက်မပါဘူး။ FDA ထောက်ခံချက်ပါတယ်လို့လည်း ရေးမထားဘူး။ ကုန်ဆုံးရက်လည်း မပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ရွေးချယ်မှုမရှိတော့ ဒီရေတွေကို ဝယ်သောက်နေရတာပါပဲ”ဟု နိရဉ္စရာကို ပြောသည်။

ရခိုင်ပြည်သူများအနေဖြင့် စံချိန်မီသည့် ရေသန့်စက်ရုံများမှ ထုတ်လုပ်သည့် ရေများကိုသာ သောက်သုံးသင့်သည်ဟုလည်း FDA က တိုက်တွန်းထားသည်။

ယင်းအပြင် သောက်ရေသန့်ထုတ်လုပ်သူများလိုက်နာရမည့်စည်းကမ်းချက်များကိုလည်း FDA က မကြာသေးမီက ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သိရသည်။

အဆိုပါအချက်များမှာ

-သောက်ရေသန့်ထုတ်လုပ်မည်ဆိုပါက သောက်ရေသန့်ထုတ်လုပ်ရန် သင့်တော်သော ရေအမျိုးအစား ဖြစ်ရမည်။

-သောက်ရေသန့်ထုတ်လုပ်မည့်ရေကို သီးသန့်သိုလှောင်ပြီးမှ ရေသန့်ထုတ်လုပ်မည့်နေရာသို့ ပို့ပေးရမည်။

-ရေသိုလှောင်ထားသောကန်ကို အမြဲတမ်း ဆေးကြောပြီး အညစ်အကြေးများ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားရမည်။

-ရေသန့်ထုတ်လုပ်မည့်အဆောက်အအုံမှာ လုံလောက်သော အကျယ်အဝန်းရှိရမည်။

-သန့်ရှင်းသော ပတ်ဝန်းကျင်ရှိပြီး လူနေအိမ်နှင့် သီးသန့်ထားနိုင်သော စက်ရုံ ဖြစ်ရမည်။

-လုပ်ငန်းအလိုက် အခန်းများ သီးသန့်ခွဲထားရမည်။

-ကြမ်းပြင်များကို သမံတလင်းခင်းထားပြီး အခန်းနံရံများ သန့်ရှင်းရေးလုပ်ရန် လွယ်ကူရမည်။

-အဝီစိတွင်းနှင့် အိမ်သာကျင်း အကွာအဝေး အနည်းဆုံး ပေ (၅၀) ရှိရမည်။

-လုပ်ငန်းကဏ္ဍအလိုက် သင့်လျော်သော စက်များ ထားရှိရမည်။

-စက်ရုံများတွင် အသုံးပြုသော ဓာတုပစ္စည်းများ Resin ၊ ရေစစ်များ (Filters)ကို ပုံမှန်စစ်ဆေးခြင်း၊ သန့်စင်ခြင်းနှင့် လဲလှယ်ခြင်းများ ပြုလုပ်ရမည်။

-ရီသန့်ဗူး ဆေးကြောရာတွင်လည်း (အကြမ်းထည်၊ အချောထည်၊ သောက်ရေသန့် စသည်ဖြင့်) အနည်းဆုံး ပုံစံသုံးမျိုးခန့် ခွဲ၍ ဆေးကြောရမည်။

-ဝန်ထမ်းများသည် လုပ်ငန်းခွင်သုံးဝတ်စုံများကို ပြည့်စုံစွာ ဝတ်ဆင်ပြီး တကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ရမည်။

-ဝန်ထမ်းများအနေဖြင့် ခြောက်လတကြိမ် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ရှိရမည်။

-ထုတ်လုပ်မည့် ရေ၏ ဓာတုနှင့် အဏုဇီဝ အသေးစိတ်အချက်များကို စစ်ဆေးပေးရန်လိုအပ်ပြီး စားသုံးသူများ၏ ကျန်းမာရေး အန္တရာယ်ဖြစ်ပွားမှု မရှိစေရန် အထူး အလေးထားဆောင်ရွက်ပေးရမည်စသည့်အချက်များဖြစ်သည်။

June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...
May 29, 2026
ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး...
May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...