ကျောက်ဖြူ ဒေသခံ ၂ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ ဆက်လက်ထောင်ချ

ကျောက်ဖြူ ဒေသခံ ၂ ဦးကို လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ ဆက်လက်ထောင်ချ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ အာဏာသိမ်း မအလအစိုးရမှ ဆက်လက်ဖမ်းဆီးကာ တရားစွဲဆို ထောင်ချထားကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ(၆၈)နှစ်နှင့် ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်မှ ဦးကျော်လှအောင်တို့ဖြစ်ကြသည်။

ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ(၆၈)နှစ်သည် ကျောက်ဖြူမြို့ တောင်ပိုင်းရပ်ကွက်နေ ဦးမြဝင်း (၄၈)နှစ်နှင့်အတူ အာရက္ခတပ်တော်(AA)အား ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်တပ်က  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီးပြီး မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုကာ စစ်တွေမြို့နယ်တရားရုံးမှ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

ထိုနှစ်ဦးအထဲမှ ဦးမောင်မဲမှာ ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့တွင် လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ ဆက်လက်တရားစွဲဆိုကာ ထိန်းသိမ်းထားသည်ဟု နီးစပ်သူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ကျောက်ဖြူမြို့နယ် အထက်အမိန့်အရ ပြန်လည်ဖမ်းဆီးပြီး ကျောက်ဖြူခရိုင်တရားရုံးမှာ ပုဒ်မ၅၀(ည)အပြင် တစ်ခြားမတရားပုဒ်မတွေနဲ့တရားစွဲဆိုပြီး ကျောက်ဖြူအကျဉ်းထောင်မှာ ထပ်မံထိန်းသိမ်းခြင်းခံထားရပါတယ်”ဟု ပြောသည်။

အလားတူဖြစ်ရပ်မျိုး ပုဒ်မ ၁၇(၁)ဖြင့် ၃နှစ်ပြစ်ဒဏ်ကျခဲ့သော ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးကျော်လှအောင်ကိုလည်း လွတ်ရက်စေ့သော်လည်း ပြန်မလွတ်ဘဲ ထပ်မံ တရားစွဲဆိုကာ ထပ်မံထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

ဦးကျော်လှအောင်သည် လွန်ခဲ့သည့် ၂၀၂၆ ဧပြီလ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့သော်လည်းပြန်မလွှတ်ဘဲ ကျောက်ဖြူမြို့ရဲစခန်းမှ ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ(၅၀) အပြင် တခြားပုဒ်မ ၂ ခုဖြင့် တရားရုံးမှဥပဒေမဲ့ ထပ်မံထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

“ အခုလို ထောင်ကနေ ပြစ်ဒဏ်ကျခံပြီး ဒေသခံပြည်သူတွေကို ထပ်မံ တရားစွဲဆို ထောင်ချတာက ဥပဒေမဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒီမတရားသဖြင့် လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက် မကြာခင် လွတ်ရက်စေ့မယ့် ၁၇(၁)နဲ့ ထောင်ဒဏ်ကျခံနေရသူတွေလည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့မှာကို စိုးရိမ်ကြောင့်ကြနေရပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုလို ထင်ရာစိုင်းလုပ်ကိုင်နေမှုများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို များစွာထိခိုက်ပျက်ပြားစေရုံသာမက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ်ထိခိုက်နေကာ အာဏာကို အမျိုးမျိုးအသုံးချသောဦးမင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ကိုလည်း မည်သူမျှပင် မယုံကြည်ကြတော့တော့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...