ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ မပါဝင်ဘဲ နိုင်ငံ၏ အနာဂတ်ခရီးကို ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။
မတ်လ ၉ ရက် နံနက်ပိုင်းက ကျင်းပသည့် (၁၁) ကြိမ်မြောက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေးတွင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိထားသည့် ပြည်သူ့ကိုယ်စားပြုမှုသည် မည်သည့်နည်းနှင့်မျှ ချေဖျက်၍မရကြောင်း အစပျိုးပြောဆိုခဲ့ပြီး စစ်ကော်မရှင်၏ လုပ်ရပ်များမှာ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီမျက်နှာဖုံးစွပ်ကာ အတုအယောင်များဖြင့် လှည့်ဖြားနေခြင်းသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
အထူးသဖြင့် စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် တရားဝင်ကိုယ်စားပြုမှု လုံးဝရရှိနိုင်မည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများကလည်း ငြင်းဆိုထားပြီးဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
"တောင်ထိပ်ကို ရောက်ခါနီးလေ ပင်ပန်းလေပဲဆိုတဲ့ သဘောတရားအတိုင်း ကျွန်တော်တို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယကို လျှော့ချလိုက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ဒီကနေ့ ရန်ကုန်ဖက်ဒရယ် ယူနစ်ရဲ့ အစီအစဉ်တွေ၊ တင်ပြမယ့်အဆိုတွေ၊ မြန်မာနိုင်ငံအတွက် မရှိမဖြစ်၊ မြန်မာ့နိုင်ငံရေးမှာ ဖယ်ထားလို့မရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်တို့ကို ဒီကနေ့အချိန်အထိ ကုလသမဂ္ဂမှာ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်" ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။
လွှတ်တော်ကဏ္ဍအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် အစုအဖွဲ့တခု အာဏာရရှိရေးအတွက်မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးကိုသာ ဦးတည်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
ထို့ပြင် ကုလသမဂ္ဂတွင် ယနေ့တိုင် အသိအမှတ်ပြုခံထားရဆဲဖြစ်သည့် လူထုခေါင်းဆောင်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မမှိတ်မသုန် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်နေသည့် မြန်မာ့တော်လှန်ရေး အင်အားစုများကို ဆက်လက်ကူညီ ပံ့ပိုးပေးကြရန်လည်း ၎င်းက မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ အခက်အခဲများကြားမှ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်ကို (၁၁) ကြိမ်တိုင်အောင် ခေါ်ယူနိုင်ခြင်းမှာ ကိုယ်စားလှယ်များ၏ ကြံ့ခိုင်သည့်စိတ်ဓာတ်နှင့် ကြိုးပမ်းမှုကြောင့်ဖြစ်ပြီး ရှေ့ဆက်၍လည်း ပြည်သူ့ခေါင်းဆောင်များ ပြည်သူ့ရင်ခွင်သို့ ပြန်လည်ရောက်ရှိရေးအတွက် ဆက်လက်ကြိုးစားသွားရန် လိုအပ်ကြောင်း ဆိုသည်။
ထိုအစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပြင် နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။







