စစ်တွေက စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ ပြည်မဘက်သို့ ရွှေ့ပြောင်း

စစ်တွေက စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ ပြည်မဘက်သို့ ရွှေ့ပြောင်း

စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀ ကျော်မှာ ရေကြောင်းကနေ တစ်ဆင့် ပြည်မဘက်သို့ ရွှေ့ပြောင်းသွားကြောင်း သိရသည်။

မတ်လ ၃ ရက်က ကားအစီးရေ ၁၅ စီးမှာ စစ်တွေကနေ သင်္ဘောဖြင့် ပြည်မဘက်သို့ ရွှေ့ပြောင်းသွားခဲ့ကြပြီး ကားတစ်စီးတွင် လူ ၃၀ ဦးခန့်စီ ပါရှိ၍ လူ ၄၀၀ ကျော်ရှိမည်ဟု စစ်တွေမြို့ခံများက ခန့်မှန်းပြောဆိုကြသည်။

“၂ ရက်နေ့က ကားတွေ အတန်းလိုက် ဆိပ်ကမ်းဘက်ကို ထွက်တယ်။ ပြီးမှ နောက်နေ့ သင်္ဘောနဲ့ ပြောင်းသွားကြတာ။ တိုက်ပွဲ စပြင်းလာကတည်းက သူတို့က ကိုယ်ပြောင်းချင်တဲ့ နေရာကို အပြောင်းတင်ထားတာလို့ သိရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်လာနေပြီး လက်ရှိ AA က စစ်တွေ - ပုဏ္ဏားကျွန်းအစပ် ရွှေမင်းဂံရေတပ်စခန်းနှင့် ဇော်မဒက် ကျေးရွာအနီး တပ်စခန်းများကို ထိုးစစ်ဆင်နေသည်။

စစ်တွေ အခြေစိုက် တပ်ရင်းများမှ ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာများကို လက်နက်ကြီးပစ်ခတ်မှုများ ရှိနေပြီး ယနေ့တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု မြို့ခံများက ပြောသည်။

“ဒီနေ့လည်း နှစ်ခေါက်လောက် ပစ်သံ ကြားလိုက်ရတယ်။ ဘယ်ကို ပစ်လဲတော့ မသေချာဘူး။ ကွမ်းတောင်ဘက်ကိုတော့ နေ့တိုင်း လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ရှိတယ်” ဟု နောက်ထပ် စစ်တွေဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင်း၌ စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများ ဆက်တိုက်ရှိနေပြီး မြို့ခံအချို့ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

အာရက္ခတပ်တော်သည် စစ်တွေမြို့ကို ပတ်ပတ်လည်က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေပြီး ယခုအခါ ဝါဘိုကျွန်းကတစ်ဆင့် စစ်တွေဘက်ခြမ်း စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်ကာ ထိန်းချုပ်နယ်မြေ ချဲ့ထွင်ရန် ကြိုးပမ်းလာနေသည်။

စစ်ကောင်စီက စစ်တွေမြို့တွင် စစ်အင်အားဖြည့်တင်းထားပြီး စစ်တွေ - ပုဏ္ဏားကျွန်းအစပ် နေရာများသို့ သံချပ်ကာကားများ ပို့ဆောင်ထားကာ ရေတပ်အင်အားကိုလည်း တိုးမြှင့်ထားသည်။

ပုံစာ - စစ်တွေမြို့သို့ ရောက်ရှိလာသည့် မိုခါထောက်ပံ့ရေးပစ္စည်းများအား ထမ်းသယ်နေကြသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်ကတွေ့ရစဉ်။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင်

ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...