နှင်းနွယ်နီ — အာဏာသိမ်းစစ်ကော်မရှင်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် စက်သုံးဆီ အောက်တိန်း(92)တစ်လီတာကို ငွေကျပ် လေးသောင်းအထိ ဈေးထိုးတက်သွားကြောင်း မြို့ခံများက နိရဉ္စရာကို ပြောသည်။
စစ်တွေမြို့ခံတစ်ဦးက “ကျနော်တို့ဘက်မှာတော့ တစ်လီတာကို လေးသောင်းဖြစ်နေပါပြီ။ မနက်ကတော့ ၁၈၀၀၀ ပဲရှိသေးတယ်။ ဈေးတက် တက်လာတာ၊ ခုညနေပိုင်းမှာ လေးသောင်းပါ” ဟု နိရဉ္စရာကို ပြောသည်။
ယင်းသို့ စက်သုံးဆီဈေးများ ထိုးတက်သွားသည့်အတွက် စစ်တွေမြို့တွင် အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်)၊ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို လမ်းပေါ်တွင် မမြင်တွေ့ရဘဲ စက်ဘီးများဖြင့် သွားလာနေသူများသာ တွေ့ရသည်ဟု စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ဘက်မှာတော့ ၃၆ဝဝဝ ပါ။ ဘုမေဘက်မှာ လေးသောင်းကြားတယ်။ လမ်းဘေးဆိုင်တွေမှာ ဆီပုလင်းတောင် မတွေ့ရတော့ဘူး။ အကုန်လုံး အိမ်ထဲသွင်းလိုက်ကြပြီ။ ထပ်ပြီး ဈေးတက်နိုင်လို့” ဟု ပြောသည်။
မတ်လ ၃ ရက်အထိ စစ်တွေမြို့တွင် အောက်တိန်း(92) တစ်လီတာကို ငွေကျပ် ၁၇,၀၀၀ သာရှိခဲ့သော်လည်း ယခုအခါ ငွေကျပ် ၃၆,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ဈေးမြင့်တက်နေခြင်းဖြစ်သည်။
စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းနေသူတစ်ဦးကလည်း “အစကတည်းက ဘေးတွဲမောင်းစားရတာ ဈေးမကိုက်ဘူး။ အခု ဆီဈေးတက်တော့ ဒီနေ့တစ်ရက်လုံး မမောင်းဘဲထိုင်နေရပါတယ်။ အလုပ်မရှိတော့ဘူး” ဟု ဆိုသည်။
အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့က ပြီးခဲ့သည့်အပတ်အတွင်းက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျယ်ပြန့်လာသည့် အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများကြောင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ပြည်ပကို ပို့ဆောင်ရောင်းချနေသည့် စက်သုံးဆီများကို ဆိုင်းငံ့ထားကြောင်း ပြီးခဲ့သည့် မတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်အပြီး မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် စက်သုံးဆီဈေးများ ထိုးတက်လာနေခြင်းဖြစ်သည်။
စစ်တွေအတွက် စက်သုံးဆီများကို ရန်ကုန်မှတဆင့် ရေကြောင်းမှတင်သွင်းနေရခြင်းဖြစ်ပြီး စက်သုံးဆီရှားပါးလာနိုင်သည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ပြည်သူများက ပြောကြသည်။
သို့သော် မတ်လ ၄ ရက်ထုတ် စစ်ကော်မရှင်ပိုင်သတင်းစာများတွင်မူ စစ်တွေမြို့၏ စက်သုံးဆီရည်ညွှန်းလက်လီဈေးမှာ အောက်တိန်း (92)တစ်လီတာကို ကျပ် ၂၇၈ဝ၊ အောက်တိန်း (95)တစ်လီတာကို ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၉၃ဝ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာကို ကျပ် ၃၂၁ဝ ဖြင့် ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာရေလမ်းကြောင်းတလျှောက်တွင် အတားအဆီး အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် စက်သုံးဆီကို ချွေတာသုံးစွဲရန်လည်း စစ်ကော်မရှင်က မတ်လ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ထို့ပြင် လာမည့် မတ်လ ၇ ရက်နေ့မှစ၍ EV မော်တော်ယာဉ်များနှင့် EV ဆိုင်ကယ်များမှလွဲပြီး ပုဂ္ဂလိကပိုင်ယာဉ်များအနေဖြင့် 'စုံ' ရက်များတွင် 'စုံ' အက္ခရာပါသောယာဉ်များ၊ 'မ' ရက်များတွင် 'မ' အက္ခရာပါသောယာဉ်များ စသည်ဖြင့် တရက်စီခြားပြီးမောင်းနှင်ကြရန်လည်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းသို့ ထုတ်ပြန်ပြီးနောက် စစ်တွေ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီး၊ မြဝတီအပါအဝင် မြို့အများအပြား၌ စက်သုံးဆီများကို တန်းစီပြီး အလုအယက်ဝယ်ယူသူများနေပြီး အချို့စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်သွားသည့်အတွက် ပိတ်ထားရသည့်အခြေအနေများနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။
ဓာတ်ပုံ - စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ဆီဖြည့်နေကြစဉ်။ (ပုံဟောင်း)







