မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်ကြောင်း ကနဦး သိရှိရသည်။
လွတ်မြောက်လာသည့် အကျဉ်းသား အကျဉ်းသူ ၁၆၀ ဦးကျော်တွင် မော်လမြိုင်အကျဉ်းထောၚ်မှ ၄၅ ဦး၊ သထုံအကျဉ်းထောၚ်မှ ၉၀ ဦးကျော်၊ ဇင်းကျိုက် ကုန်ထုတ်အကျဉ်းစခန်းမှ ၂၃ ဦး၊ အင်းဗြောင် ကုန်ထုတ်အကျဉ်းစခန်းမှ ၅၊ ရင်းငြိမ် ကုန်ထုတ်အကျဉ်းစခန်းမှ ၃ ဦး ပါဝင်သည်။
ပြန်လွတ်လာသည့် အကျဉ်းသား အကျဉ်းသူများထဲတွင် နိုင်ငံရေးအကျဉ်းများလည်း ပါဝင်သည်ဟု သိရသော်လည်း အရေအတွက် အတိအကျကိုတော့ အတည်ပြုဆဲဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ကနဦး အတည်ပြုထားသည့်အချက်အလက်များအရ သထုံအကျဉ်းထောၚ်မှ ပြန်လွတ်လာသူ ၉၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၆၁ ပါဝင်သည်။
ယနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် အကျဉ်းထောင်၊ အချုပ်ခန်းအသီးသီးက အကျဉ်းသား အကျဉ်းသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး အမှုပေါင်း ကိုးထောင်ကျော်ကို ပိတ်သိမ်းကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
နိုင်ငံအနှံ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး၊ အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အခြားအကျဉ်းသား ၂၈၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။
လွတ်ငြိမ်းခွင့်ပြုလိုက်သူများသည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဆိုပါပြစ်ဒဏ်အပြင် ယခု ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ခံဝန်ချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၀ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က)အရ တရားစွဲဆိုထားသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂၄၈၇ ဦး၏ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ အခြားပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း စစ်အုပ်စုက ကြေညာထားသည်။







