ကျောက်ဖြူရှိ စစ်ရှောင်စခန်းရှစ်ခုအတွက် အိမ်သာ ၄၉ လုံး ဆောက်လုပ်ပေး

ကျောက်ဖြူရှိ စစ်ရှောင်စခန်းရှစ်ခုအတွက် အိမ်သာ ၄၉ လုံး ဆောက်လုပ်ပေး

ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းရှစ်ခုအတွက် ရခိုင်လူမှုအဖွဲ့အစည်းနှစ်ခုက အိမ်သာ ၄၉ လုံး ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ရှောင်စခန်းများအတွက် အိမ်သာ ၄၉ လုံးကို ကျောက်ဖြူအခြေစိုက် ဇင်ချောင်းလူငယ်ပရဟိတအသင်း(ZCYA)နှင့် ပုဏ္ဏားကျွန်းအခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း(P.S.R.K)တို့က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် အိမ်သာအလုံး (၄၀)ဆောက်လုပ်ခဲ့ပြီး ယခု ဖေဖော်ဝါရီလထဲတွင် နောက်ထပ် ကိုးလုံးကို ထပ်တိုးဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအိမ်သာများကို စစ်ရှောင်စခန်းအတွင်း အမျိုးသမီးများ ကာယိန္ဒြေလုံခြုံရေးနှင့် ဝမ်းရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးတို့အတွက်ရည်ရွယ်ပြီး ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဇင်ချောင်းလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက နိရဉ္စရာကို ပြောသည်။

"ဝမ်းရောဂါ‌ဖြစ်တဲ့ဟာတွေ အရင်လထဲကလည်း တွေ့ရတယ်။ ကျနော်တို့ဖက်မှာ လုံလောက်တဲ့ဆေးဝါးတွေမရှိတဲ့အခါ အဲဒီဟာတွေကို ကာကွယ်နိုင်အောင်၊ နောက်ပြီး အရွယ်မရွေးအမျိုးသမီးတွေအတွက် ကာယိန္ဒြေလုံခြုံမှုတွေအတွက် အများကြီးအဆင်ပြေနိုင်အောင် ကျနော်တို့က တတ်နိုင်တဲ့ဖက်က လုပ်ပေး‌နေတာတွေရှိတယ်" ဟု ပြောသည်။

စစ်ရှောင်စခန်းခုနစ်ခုတွင် တစ်ခုစီလျှင် အိမ်သာ ခြောက်လုံးစီနှင့် နောက်ထပ်စခန်းတစ်ခုတွင် အိမ်သာ ခုနစ်လုံးဖြင့် စုစုပေါင်း ၄၉ လုံးကို ဆောက်လုပ်ပေးထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဒါရိုက်တာ ကိုခိုင်ဟိန်းထက်က "အဓိကအချက်ဖြစ်တဲ့ ကျန်းမာရေးပြဿနာကို တစိတ်တပိုင်း ကူညီပေးတဲ့အနေနဲ့ ကျနော်တို့ကြိုးစားခဲ့ကြတာပါ။ သောက်ရေသန့်ရှင်းမှုမရှိတာတွေ‌ကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေအပြင် နောက်ထပ်မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အမျိုးသမီးတွေအတွက် ကာယိန္ဒြေလုံခြုံမှုရှိအောင်အတွက် ဆောက်လုပ်ကူညီလှူဒါန်းပေးခဲ့တာဖြစ်‌ပါတယ်"ဟု နိရဉ္စရာကို ပြောသည်။

ကျောက်ဖြူမြို့သည် စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး မြို့နယ်တွင်းရှိ ကျေးရွာအများစုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

လက်ရှိတွင်လည်း ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို AA က ဆင်နွှဲလျက်ရှိပြီး စစ်ကော်မရှင်ဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံဖြင့် ခုခံနေသည့်အတွက် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် AA တို့အကြား ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် တိုက်ပွဲကာလ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

တိုက်ပွဲစတင်ခဲ့စဉ်ကတည်းက တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များနှင့် လက်ရှိ ထပ်တိုးစစ်ရှောင်စုစုပေါင်းသည် သောင်းနှင့်ချီရှိသည်ဟုလည်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များသည် စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲအမျိုးမျိုးဖြင့် နေထိုင်နေကြရပြီး စစ်ကော်မရှင်လေတပ်၏ လေကြောင်းရန်ကိုလည်း စိုးရိမ်နေကြရသည်ဟု သိရသည်။

February 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး အချုပ်ကျကာ လွတ်ရက်စေ့၍ ပြန်ပို့ခံရသည့်...
February 26, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရင်းများနှင့် နေဗီများက...
February 25, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရပ်သား...
February 24, 2026
မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက်...