အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက် လိင်လုပ်သားများကို ULA ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ယခုနှစ် ၂၀၂၆ က စပြီး ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ULA ကျန်းမာရေးဌာန၏ ကူးစက်ရောဂါနှိမ်နင်းရေးကော်မတီနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းများ၊ အခြား သော ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆေးစစ်ခြင်း၊ ART ဆေးများ အခမဲ့ပေးခြင်းနှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှုများအပြင် အခမဲ့ ကွန်ဒုံးဖြန့်ဝေခြင်းများကိုပါ ပြုလုပ်နေကြောင်း ULA ကျန်းမာရေးဌာန တာဝန်ရှိသူများထံက သိရသည်။
“ သူတို့ (လိင်လုပ်သား)ကို ၃ လ တစ်ကြိမ် ဆေးစစ်တာတွေ လုပ်ပေးမယ်။ စစ်ပြီးလို့ အထောက်အထား မရှိသေးဘူးဆိုရင် လုပ်ပေးမယ်ပေါ့။ ဆေးစစ်လိုက်လို့ Positive ဆိုရင် ဆရာတို့မှာ ART Team ရှိတယ်။ သူတို့ဆီမှာ ဆေးဝါးစနစ်တကျ ကုသပေးဖို့လည်း ဆေးဝါးအပြည့်အစုံ ရှိပါတယ် ” ဟု ULA ထိန်းချုပ်ဒေသရှိ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။
ဆက်လက်၍ ဒေသတွင်း ပြန့်ကြဲနေသည့် လိင်လုပ်သားအမျိုးသမီးများကိုလည်း စုံစမ်းပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အခြားသော ကူးစက်ရောဂါများဖြစ်သည့် တီဘီနှင့် ငှက်ဖျားတို့ အတွက်လည်း ဆေးဝါးထောက်ပံ့မှုများ ရှိနေပြီး တီဘီရောဂါအတွက် ဆေးလာထုတ်သူများကို လမ်းစရိတ်အဖြစ် တစ်ကြိမ်လျှင် ငွေကျပ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးကြောင်း သိရသည်။
ယခုကဲ့သို့ လိင်လုပ်သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရှိလာခြင်းအပေါ် ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် ရခိုင်လူငယ်အသိုင်းအဝိုင်းက ရှုမြင်သည်။
“ ကျနော်တို့ ကြိုဆိုပါတယ်။ လိင်လုပ်သားတွေကို စစ်ကောင်စီ လက်ထက်တုန်းက ဘာမှ မကူညီခဲ့သလို ပြည့်တန်ဆာ နှိမ်နှင်းရေး ဥပဒေနဲ့အတူ နည်းမျိုးစုံနဲ့ အမြတ်ထုတ် ဖိနှိပ်ခဲ့ကြပါတယ်။ လိင်လုပ်သားတွေအနေနဲ့ မတရား အနိုင်ကျင့်ခံရတဲ့အခါမှာ တရားဥပဒေ အကာအကွယ်ဘာမှကို မရရှိခဲ့ကြပါဘူး။ အခုလို ကူညီပေးတာက လိင်လုပ်သားတွေရဲ့ လူ့ဂုဏ်သိက္ခာကိုလည်း လေးစားရာ ရောက်သလို၊ ဒေသတွင်းမှာ HIV/ AIDS အစရှိတဲ့ လိင်မှ တစ်ဆင့် ရောဂါကူးစက်မှုနှုန်းကိုလည်း လျော့ကျစေတာကြောင့် ကြိုဆိုပါတယ် ” ဟု Gender အရေးဆောင်ရွက်နေသူ ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက ဂျာမနီ၊ နယ်သာလန်၊ အိန္ဒိယစသည့်နိုင်ငံများတွင်လည်း လိင်လုပ်ငန်းကိုတရားဝင် အသိအမှတ်ပြုထားပြီး လိင်လုပ်သားများ၏ လူ့အခွင့်အရေးကို ကာကွယ်ခြင်း၊ အကူအညီပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဆိုသည်။
လက်ရှိ အကျပ်အတည်းများကြားတွင် မဖြစ်မနေ ရွေးချယ်လိုက်ရသည့် အခြေအနေကို အစိုးရ၏ အပြုသဘောဆောင်သော လုပ်ဆောင်ချက်အဖြစ် ရှုမြင်သူများလည်း ရှိနေသည်။
“ ရခိုင်မှာ နွမ်းပါးသူတွေ၊ စစ်ဘေးရှောင်တွေအတွက် ကျပ်တည်းနေချိန်ဆိုတော့ လက်ရှိ ဒီလို လုပ်ကိုင်နေ ကြရတာကို အစိုးရကလည်း အပြုသဘောဆောင်ပြီး လိုအပ်တာတွေ ထောက်ပံ့ပေးတယ်လို့ မြင်မိပါတယ်။ လက်တွေ့အခြေအနေပေါ် မူတည်ပြီး အစိုးရက စနစ်တကျ ထိန်းကျောင်းပေးတဲ့ သဘောလို့ပဲ မြင်ပါတယ် ” ဟု လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
ဆက်လက်၍ ၎င်းက စစ်ဘေးရှောင်စခန်းများတွင် HIV ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို ဦးစားပေးပြုလုပ်သင့်ကြောင်း ပြောသည်။
ရခိုင်တိုက်ပွဲများကို အကြောင်းပြပြီး စစ်ကောင်စီ၏ အဘက်ဘက်မှ ပိတ်ဆို့ထားမှုနှင့်အတူ ရခိုင်ဒေသအတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ဆင်းရဲနွမ်းပါးသူများမှာ စားဝတ်နေရေးအတွက် လိင်လုပ်သားအဖြစ် လုပ်ကိုင်ကြသူများလည်း ရှိလာနေကြောင်း ပြောဆိုကြသည်။
ထို့ကြောင့် လက်ရှိ ULA/AA အစိုးရအနေဖြင့်လည်း အဆိုပါ လိင်လုပ်သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်ပြီး HIV အပါအဝင် အခြားသော ကူးစက်ရောဂါပြန့်ပွားခြင်း ထိန်းချုပ်ရန် လုပ်လာခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ရခိုင်ပြည်က HIV ရောဂါခံစားနေရသူများအတွက် ART ခေါ် HIV ပိုးထိန်းဆေး ပြတ်လတ်မှုများရှိခဲ့ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ULA ကျန်းမာရေးဌာနက ဆေးဝါးများ အခမဲ့ ပံ့ပိုးခြင်းများလည်း ရှိနေသည်။
ယင်းအပြင် အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေး အသိပညာပေးခြင်းများ ဆက်လက်လုပ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း သိရသည်။
လက်ရှိတွင် ULA/AA အစိုးရအနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေသည်။
ပုံစာ- ပြည်သူများအား AA ဆေးတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk







