ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ထိန်းချုပ်နယ်မြေအတွင်းက နေရာ ၂၄ နေရာကို စစ်ကော်မရှင်က ၄ ရက်အတွင်း လေကြောင်းနဲ့ ၈၅ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိ KIO/KIAထိန်းချုပ်နယ်မြေ တပ်စခန်းတွေအပြင် ရပ်ရွာတွေမှာပါ စစ်ကော်မရှင်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးအလုံးရေ အတိအကျကိုတော့ မပြောနိုင်ပေမဲ့ ရရှိတဲ့သတင်းတွေကို စုစည်းရသလောက် ဗုံးအလုံးပေါင်း ၁၀၀ ဝန်းကျင်ရှိတယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
"လေယာဉ်နဲ့ တိုက်တာက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေစပြီး အရင်ကထက် ပိုပြီးတိုက်ခိုက်တာ တွေ့ရတယ်။ KIA တပ်စခန်းတွေကို ပစ်တာအပြင် ပြည်သူလူထုတွေ နေတဲ့နေရာတွေမှာလည်း ပစ်တာကို တွေ့ရတယ်။"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်နယ်မြေတွေဘက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာပါ။
အဲဒီနောက်ပိုင်း စစ်ကော်မရှင်ဟာ KIO ထိန်းချုပ်နယ်မြေဘက်တွေဘက် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်လာပြီး KIA တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၈၊ တပ်မဟာ ၉၊ တပ်မဟာ ၁၁ နဲ့ ဌာနချုပ် လိုင်ဇာမြို့အနီးစတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွင်း အရပ်သားထိခိုက်သေဆုံးမှု ရှိတဲ့အပြင် နေအိမ်၊ ဈေးဆိုင်တွေလည်း ပျက်စီးခဲ့ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ကနေ ရရှိထားတဲ့ သတင်းအချက်အလက်အရ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ပါတယ်။ လူထိခိုက်သေဆုံးမှု စာရင်းအတိအကျကိုတော့ မသိရှိရသေးပါဘူး။
လက်ရှိအချိန် ကချင်ပြည်နယ်အတွင်းမှာတော့ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်ဒေသတွေ တိုက်ပွဲတွေ ဆက်ရှိနေပြီး ပူတာအို၊ ခေါင်လန်ဖူးမြို့နယ် အပြင် အင်းတော်ကြီးဘက်မှာပါ စစ်ရေးတင်းမာနေပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







