ဖားကန့်ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းကလေးကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးကို စစ်ကော်မရှင်ကဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ နေအိမ်ကို ရောက်ရှိလာတာမျိုး မရှိသေးဘူးလို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သူငယ်ချင်းတစ်ဦးနဲ့အတူ ဖားကန့်မြို့ဘက်ကို ဆိုင်ကယ်စီးပြီး ထွက်ခွာခဲ့ရာကနေ တပ်မကုန်းဘက်က ရဲစခန်းအနီးမှာ စစ်ကော်မရှင်တပ်သားတွေကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားချိန် နှစ်ဦးစလုံးကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ကျန်သူငယ်ချင်းတစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် အသက် ၁၆ နှစ်အရွယ် အထက်ပါ ကိုးတန်းကျောင်းသားကိုတော့ ပြန်လည်လွှတ်ပေးတာ မရှိခဲ့ဘူးလို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
" တပ်မကုန်းက စစ်သားတွေဖမ်းခေါ်သွားတယ်လို့ သိရတယ်။ သူနဲ့ပါတဲ့ သူငယ်ချင်းကိုတော့ ပြန်လွှတ်ပေးတယ်။ သူ့ကိုတော့ ခေါ်သွားတယ်တဲ့။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိဘူး။" လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသားငယ်မှာ မောင် မဒိန်နော်ဆိုင်း (ခေါ်) လထော်နော်ဆိုင်းဖြစ်ပြီး နေအိမ်ကို ပြန်မရောက်လာတာ ဒီကနေ့နဲ့ဆိုရင် ၅ ရက်မြောက်ရှိနေပြီဖြစ်ပြီးတော့ သတင်းအစအန မရရှိတဲ့အပြင် ဘယ်လိုပုံစံ၊ ဘယ်နေရာကနေ စုံစမ်းရမှာကို မသိတာကြောင့် မိသားစုတွေ စိုးရိမ်ပူပန်နေတာပါ။
အဲဒီအဖမ်းခံရတဲ့ ကိုးတန်းကျောင်းသားဟာ မော်ဝမ်းရပ်ကွက်က စစ်ရှောင်နေတဲ့ မိသားစုကဖြစ်ပြီး မိခင်ဖြစ်သူမှာ သားအတွက် စိုးရိမ်နေတယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ အမေက အရမ်းစိတ်ပူလို့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူးတဲ့ ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိ ဘယ်သူ့ကို အကြောင်းကြားရမှန်းမသိ စိတ်မကောင်းလို့အရမ်းနေရတယ်တဲ့။" လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်ကလည်း လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကျပ်နေပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီးတော့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအနီး ယူမာနဲ့ မရှီကထောင်ကြားမှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







