ပုဏ္ဏားကျွန်း ယိုးငူရွာဗုံးကြဲခံရမှု သေဆုံးသူအရပ်သား ၂ဝ ဦးအထိရှိလာ

ပုဏ္ဏားကျွန်း ယိုးငူရွာဗုံးကြဲခံရမှု သေဆုံးသူအရပ်သား ၂ဝ ဦးအထိရှိလာ

ကျော်သီဟ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဗုံးကြဲခံရမှုအတွင်း သေဆုံးသူအရပ်သား  ၂ဝ ဦးအထိရှိလာနေသည်ဟု သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က သေဆုံးသူ ၁၇ ဦးရှိခဲ့သော်လည်း ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် ဒဏ်ရာပြင်းထန်သူများအနက် နောက်ထပ်တစ်ဦးထပ်မံသေဆုံးသွားသည့်အတွက် သေဆုံးသူ ၁၈ ဦးရှိခဲ့သည်ဟု သိရသည်။

သို့သော် ပျက်စီးနေသည့်အပြိုအပျက်များကြားမှ နောက်ထပ် ကလေးနှစ်ဦး၏ရုပ်အလောင်းကို ထပ်မံရှာတွေ့ခဲ့သည့်အတွက် ယနေ့ ညနေအထိ သေဆုံးသူစုစုပေါင်းမှာ ၂ဝ ဦးအထိရှိလာနေသည်ဟု မြေပြင်သတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ မနက်ပိုင်းအထိ ၁၈ ယောက်။ နောက်ထပ် ကလေးနှစ်ယောက်ရဲ့အလောင်းကို အပျက်အစီးတွေကြားက ထပ်ရှာတွေ့တော့ သေဆုံးသူ အယောက် ၂ဝ ဖြစ်သွားတာပါ”ဟု ပြောသည်။

သေဆုံးသူများတွင် ကလေးများ၊ အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။

ယိုးငူကျေးရွာ၏ဈေးတန်းကို ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၂) နာရီ (၇)မိနစ်ခန့်တွင် စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာတစ်စီးနှင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြသည့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း (၁၇)ဦးသေဆုံးခဲ့ပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA)က ယင်းနေ့ညနေတွင် ကနဦးထုတ်ပြန်ခဲ့သည်။

အဆိုပါကျေးရွာသည် စစ်ဘေးရှောင်အများအပြားနေထိုင်သည့်ကျေးရွာဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာကျေးရွာကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယိုးငူကျေးရွာမှ ဦးအောင်သိန်းရွှေက “အပြစ်မဲ့ပြည်သူတွေကို မတော်မတရားနဲ့နှိပ်စက်ပြီးတော့ မီးလောင်ဗုံး၊ သေစေနိုင်တဲ့ဗုံးတွေ လာကြဲနေတာဖြစ်ပါတယ်။ ဘာပြောချင်လဲဆိုရင် ရက်စက်တယ်၊ ကြမ်းကြုတ်တယ်လို့ ပြောချင်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။

ယမန်နေ့ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆိုပါကျေးရွာမှ လူနေအိမ်နှင့် ဈေးဆိုင်ခန်းအချို့လည်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ယိုးငူကျေးရွာမှ ဒေါ်ခိုင်ကျော့ရီက “အပြစ်မရှိတဲ့ပြည်သူလူထုတွေကို လာပြီးတော့ ဗုံးချတာကတော့ အဒေါ်တို့ဘဝမှာ တော်တော်ခံစားရပါတယ်။ လာပြီးတော့ ပြည်သူလူထုကိုပဲ သတ်ပါတယ်။ အဒေါ်တို့က လုံးဝ မကျေနပ်ဘူး မင်းအောင်လှိုင်ကို”ဟု ပြောသည်။

ယိုးငူရွာဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း သေဆုံးသွားသူများတွင် ဗုံးစထိမှန်မှုကြောင့်သေဆုံးသူများပါသလို ဗုံးကြဲခံရမှုကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်သည့်အထဲ မီးထဲပါပြီးသေဆုံးသွားသူများလည်း ပါသည်ဟု ဒေသခံများက ပြောသည်။

ယိုးငူကျေးရွာသည် စစ်တွေ-ရန်ကုန် ပြည်ထောင်စုကားလမ်းမဘေးတွင်တည်ရှိပြီး စစ်ဘေးရှောင်အများအပြား နေထိုင်သည့်ရွာဖြစ်သည်။

အာရက္ခတပ်တော် (AA)နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း အရေးနိမ့်နေသည့်စစ်ကော်မရှင်သည် စစ်ရေးနှင့်မသက်ဆိုင်သည့်ဒေသခံများနေထိုင်ရာ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ထိခိုက်သေဆုံးမှုများလည်း ဆက်တိုက်မြင့်တက်နေသည်ဟု သိရသည်။

ရခိုင်ပြည်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း တစ်နိုင်ငံလုံးတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံး ဒေသဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ယိုးငူရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။

Most read this week

February 24, 2026
မောင်စာဂ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နည်းပညာဌာနက အရပ်သားပြည်သူများအတွက်...
February 23, 2026
ခိုင်လူလှ (ရိုးမမြေ) — အကြမ်းဖက် မြန်မာစစ်ကော်မရှင်တပ်မှအရပ်သားများနေထိုင်ရာ ကျေးရွာများကို...
February 21, 2026
ခိုင်လူလှ (ရိုးမမြေ) — မြန်မာနိုင်ငံ ရခိုင်ပြည်ဘက်သို့  ဘိလပ်မြေ ၁၀၀၀ ကျော်ကို ရေကြောင်းကနေ...
February 20, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ဆီထွက်သီးနှံတစ်ခုဖြစ်သည့် မုန်ညှင်းကို စိုက်ပျိုးသူများ...