ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမယ့် မတ်လ ၂၀ ရက်နေ့မှာ စလုပ်မယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ကထုတ်တဲ့သတင်းစာတွေကနေ စစ်ကော်မရှင်က တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို မတ်လ ၂၀ ရက်နေ့စလုပ်မှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။
ဒါကြောင့် စစ်ကော်မရှင်ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီး အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မတ်လ ၁၅ ရက်နေ့ထက်နောက်မကျစေဘဲ သတင်းပို့ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
၁၈ မြို့နယ်ရှိတဲ့ ကချင်ပြည်နယ်မှာတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို မြို့နယ် ၁၀ မြို့နယ်မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ၁၀ မြို့နယ်လုံးမှာတော့ ပြည်ခိုင်ဖြိုးပါတီကပဲ ၁၀ နေရာလုံး အနိုင်ရရှိခဲ့ပြီး PR စနစ်မှာလည်း ပြည်ခိုင်ဖြိုးက ၉ နေရာအထိ ရရှိခဲ့ပါတယ်။
အဲဒီ ၁၀ မြို့နယ်အပြင် ဝင်ပြိုင်မယ့်သူ မရှိတာကြောင့် ရွှေကူနဲ့နောင်မွန်မြို့နယ်တွေမှာလည်း ပြည်ခိုင်ဖြိုးက ပြည်နယ်လွှတ်တော်အမတ် ၂ နေရာကို ရွေးကောက်ပွဲမလုပ်ဘဲနဲ့ အနိုင်ရရှိထားပါတယ်။
ဒါကြောင့် ကချင်ပြည်နယ်လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးက အမတ် ၂၁ နေရာထိရရှိထားသလို စစ်တပ်ကလည်း ကိုယ်စားလှယ် ၁၁ ယောက်စေလွှတ်ထားပါတယ်။
တခြားပါတီရဲ့ အမတ်တွေကတော့ PR စနစ်အရ ပြည်နယ်လွှတ်တော်ထဲမှာ စုစုပေါင်း ၉ နေရာရရှိထားပါတယ်။
ကချင်ပြည်နယ်အတွက် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက်နေ နေရာတွေကိုတော့ ဗမာနဲ့ ရဝမ်လူမျိုးအတွက် ပြည်ခိုင်ဖြိုးကပဲ အနိုင်ရရှိထားပြီး လီဆူလူမျိုးအတွက်ကတော့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းလူမျိုးအတွက်တော့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အနိုင်ရရှိထားပါတယ်။
စစ်ကော်မရှင်ဟာ ပြည်သူ့လွှတ်တော်အစည်းအဝေးကိုတော့ မတ်လ ၁၆ ရက်နေ့နဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးကိုတော့ မတ်လ ၁၈ ရက်နေ့ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံဟောင်းဖြစ်ပါသည်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







