မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ထိန်းချုပ်နယ်မြေတွေဘက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ခရီးသည်တင်လေယာဉ်ရဲ့ အမြီးပိုင်းကို ထိခိုက်ခဲ့ပါတယ်။
လေဆိပ်တိုက်ခိုက်ခံရတာကြောင့် အဲဒီညတွင်းချင်းမှာပဲ စစ်ကော်မရှင်တပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့ဘက်ကို ဂျက်ဖိုက်တာစေလွှတ်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်တာတော့ မရှိခဲ့ပါဘူး။
ပြည်သူလူထုစီးနင်းလာတဲ့ လေယာဉ်တစ်စင်းကို အမည်မသိအဖွဲ့အစည်းက ပစ်ခတ်တဲ့နောက်ပိုင်း စစ်ကော်မရှင်တပ်ဟာ KIO ထိန်းချုပ်နယ်မြေဘက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်လာတာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ညနေပိုင်း ၃ နာရီကျော်အချိန် KIA အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်ဘာပါဘက် လေယာဉ်ဗုံး တစ်ကြိမ်၊ ညနေပိုင်း ၅ နာရီကျော်အချိန်မှာလည်း ဆဒုံးနယ်မြေ၊ နဆာ စစ်ရှောင်စခန်းအနီး လေယာဉ်ဗုံး ၂ ကြိမ်တိုက်ခိုက်တဲ့အပြင် ၆ နာရီလောက်မှာတော့ ဆဒုံးဈေးကို ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ပြီး ဈေးဆိုင်တွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ရှငေါ်နယ်မြေ၊ မံဝိန်း ရွာအနီးမှာလည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ည ၉ နာရီ မိနစ်၄၀ လောက်မှာ လေကြောင်းနဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်ယံ ၁၂ နာရီနဲ့ ၁ နာရီကြားမှာတော့ လမြန်ထော့ဂေါရွာ ပတ်ဝန်းကျင်ကို ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း KIO/KIA ပြန်ကြားရေးသတင်းရဲ့ ထပ်မံဖော်ပြချက်အရ သိရှိရတာပါ။
တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲတစ်နာရီလောက်မှာ KIA တပ်ရင်း ၁၁ နယ်မြေဘက်ကို လေယာဉ် ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ပြီး KIA အနောက်တောင်တိုင်းစစ်ဌာနချုပ် ထိုင်ရာယန်ဘက်လည်း အဲဒီနေ့ ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ဗုံး၂ ကြိမ်ကြဲချတိုက်ခိုက်တဲ့အပြင် ဥရုနယ်မြေ(ဖားကန့်ဒေသ)ဘက်ကိုလည်း ဗုံး ၄ ကြိမ် တိုက်ခိုက်တာရှိတယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မနက် ၂ နာရီအချိန်လောက်မှာတော့ ဆဒုံးနဲ့ ချီဖွေလမ်း ၁၃ မိုင်ဘက်ကို လေယာဉ် ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်တာကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ လ ၂၁ ရက်နေ့တစ်ရက်တည်းမှာပဲ KIO ထိန်းချုပ်နယ်မြေ ၆ ခုမှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နေအိမ်ထိခိုက်မှုတွေ ရှိတဲ့အပြင် ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရတဲ့နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဘက်တွေဘက် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေတာဖြစ်ပြီး KIA တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၈၊ တပ်မဟာ ၉၊ တပ်မဟာ ၁၁ နဲ့ ဌာနချုပ် လိုင်ဇာမြို့အနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်း ၁၁ နာရီ မိနစ်၂၀ အချိန်မှာလည်း KIA/KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေသအခေါ် မုန်ခါးပါကျေးရွာအုပ်စု(လိုင်ဇာ-မိုင်ဂျာယန်လမ်း)ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မနက် အစောပိုင်း ၁ နာရီ ၅၆ မိနစ်မှာလည်း ဝိုင်းမော်မြို့နယ်၊ ဝိုင်းရှောင်လမ်းဆုံမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုရားကျောင်းနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကြားသိရပါတယ်။
မြစ်ကြီးနားလေဆိပ်ဝင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်ကို ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ပြေးလမ်းထိခိုက်ခဲ့ပြီးတော့ လေကြောင်းခရီးစဉ်တွေ ရပ်နားခဲ့ရပါတယ်။
စစ်ကော်မရှင်ကတော့ မြစ်ကြီးနားလေဆိပ်နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ KIA ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။
ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့အစည်းကမှ ပွင့်ပွင့်လင်းလင်း ဝန်ခံတာတော့ မရှိပါဘူး။
စစ်ကော်မရှင်တပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ကို မဟုတ်မမှန် အပြစ်တင် ပြောဆိုပြီး လေယာဉ်အဓိက အသုံးပြုတိုက်ခိုက်နေတာ နှစ်ရက်ရှိပြီလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ထုတ်လွှင့်တဲ့သတင်းမှာ ပြောဆိုထားပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







