သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော မောင်ကျော်စိုးသည် ဖေဖော်ဝါရီလ (၁၂) ရက်တွင် အလည်သွားမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ယနေ့အထိ ပြန်မရောက်လာသဖြင့် စိတ်ပူနေရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
“ခုထိ ပြန်မရောက်လာသေးတော့ စိတ်ပူရတယ်၊ နိုင်ငံရေး အခြေအနေက သိပ်ကောင်းတာ မဟုတ်တော့ ပေါ်တာဆွဲတာတွေလည်း ခဏခဏ ကြားနေရတယ်။ ပေါ်တာဆွဲခံရတာလားလဲ မသိရဘူး၊ စိတ်လည်းပူတယ်။ အသက်ရှင်ပြီး တွေ့ဖို့ပဲ မျှော်လင့်တယ်၊ တွေ့ရင် ပြောပေးကြပါအုံး”ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်တို့က စစ်မှုထမ်းခေါ်ပြီး မကြာခဏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် လူငယ်၊ လူလတ်ပိုင်းများ မလိုအပ်လျှင် အပြင်မထွက်စေချင်ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
ထိုသို့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦး ပျောက်ဆုံးနေကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်ကို မသမာသူများက အခွင့်ကောင်းယူ၍ ဖုန်းဆက်ငွေညှစ် တောင်းခံလာသူများလည်း ရှိနေကြောင်း သိရသည်။
“ဖုန်းဆက်လာတယ် တွေ့တယ်၊ ဘယ်နားမှာ ဆိုပြီး သူတို့က စကားမညီနေဘူး။ ပိုက်ဆံဘယ်လောက် ဆိုတာမျိုးလဲ တောင်းတယ်၊ စောင့်ကြည့်ရဦးမယ်။ လာသမျှ ဖုန်းလည်း မယုံရဘူး၊ အခွင့်အရေးယူ ငွေညှစ်သူ များလို့ သတိထားနေရတယ်။ အခြေအနေက မကောင်းလို့”ဟု ဟိုပုန်းဒေသခံ အမျိုးသမီးက ပြောသည်။
ထို့ကြောင့် ပျောက်ဆုံးသွားသော မောင်ကျော်စိုးကို တွေ့ရှိခဲ့လျှင် မိသားစုများကို အကြောင်းကြား ဆက်သွယ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်းကို မီးသင်္ဂြိုလ်ပြီး ဖြစ်နေကြောင်း သိရှိရသည်။
ယမန်နှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် တောင်ကြီးမြို့နယ် ကျောင်းကြီးစုရပ်ကွက်တွင် နေထိုသည့် အသက် (၂၈)နှစ်အရွယ် ကိုရဲသီဟအောင် သည် နေအိမ်အပြင် ခဏသွားမည်ဟုဆို၍ ပျောက်ဆုံးသွားသည်မှာ သုံးလကျော် ရှိပြီဖြစ်ပြီး ယနေ့အထိ ပြန်မတွေ့သေးကြောင်း ဒေသခံများထံမှ သိရသည်။







