ကျောက်ဖြူက တရုတ်ပိုင် V Power ဓာတ်အားပေးစက်ရုံမှ ပစ္စည်းများ အပြီးသတ်ပြောင်းရွှေ့နေ

ကျောက်ဖြူက တရုတ်ပိုင် V Power ဓာတ်အားပေးစက်ရုံမှ ပစ္စည်းများ အပြီးသတ်ပြောင်းရွှေ့နေ
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီတို့ ဖက်စပ်ရင်းနှီးမြှုပ်နှံထားသည့် V Power ဓာတ်အားပေးစက်ရုံမှ စက်ပစ္စည်းများကို အပြီးသတ်ပြောင်းရွှေ့နေကြောင်း သတင်းရရှိသည်။

အဆိုပါ စက်ပစ္စည်းများကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ကုန်တင်သင်္ဘောများဖြင့် တဖြည်းဖြည်းပြောင်း ရွှေ့နေခြင်းဖြစ်သော်လည်း ကျောက်ဖြူမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ပြောင်းရွှေ့ရေး အစီအစဉ် သိသိသာသာ မြန်ဆန်လာခဲ့ခြင်းဖြစ်သည်။

“ကျောက်ဖြူမှာ တိုက်ပွဲဖြစ်တော့ ပြောင်းရွှေ့ဖို့ကို မြန်မြန်ဆန်ဆန် စီစဉ်လာကြတာ။ အခုဆိုရင် အဲဒီ မှာရှိတဲ့ ဓာတ်အားပေးမီးစက် အလုံးရေ ၉၀ ကျော်လောက်ထိ ပြောင်းရွှေ့ပြီးသွားပြီ။ ကျန်တဲ့ဟာတွေကိုလည်း သင်္ကြန်မတိုင်ခင် အပြီးသတ်ပြောင်းရွှေ့မှာလို့ သိရတယ်” ဟု V Power စက်ရုံနှင့် နီးစပ်သူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါစက်ရုံမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် တန်ဖိုးရှိပြီး သဘာဝဓာတ်ငွေ့ကိုသုံး၍ လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဓာတ်ငွေ့ပြတ်လပ်မှုကြောင့် မဂ္ဂါဝပ် ၆၀ ခန့်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

စက်ရုံအတွက် မြေနေရာနှင့် သဘာဝဓာတ်ငွေ့ကို မြန်မာဘက်က ထောက်ပံ့ပြီး တရုတ်ဘက်က စက်ပစ္စည်းနှင့် နည်းပညာများ ပါဝင်ကာ ရရှိသည့် ဓာတ်အားကို မြန်မာဘက်က အမေရိကန်ဒေါ်လာဖြင့် ပြန်လည်ဝယ်ယူ၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးခြင်းဖြစ်သည်။

အဆိုပါစက်ရုံမှာ ကျောက်ဖြူမြို့၏ အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ဂုံးချွိန်ကျေးရွာတွင်တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ယင်းစက်ရုံအနီး ၂ မိုင်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

“ကျောက်ဖြူတိုက်ပွဲက ပုံစံအမျိုးမျိုး ပြောင်းနိုင်တာကြောင့် အခုလိုမျိုး မြန်မြန်ဆန်ဆန် ရွှေ့ပြောင်း တာလည်း ဖြစ်နိုင်တယ်။ တိုက်ပွဲကြောင့် စက်ရုံပစ္စည်းတွေ အပျက်အစီးမရှိရအောင်ဆိုပြီး မြန်နိုင်သမျှ ဖြုတ်သိမ်းတဲ့ သဘောလို့ ထင်ပါတယ်” ဟု ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံကို ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်မီးပေးနိုင်ရန်ရည်ရွယ်၍ NLD အစိုးရလက်ထက်ဖြစ်သော ၂၀၂၀ပြည့်နှစ် နှောင်းပိုင်းတွင် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က လျှပ်စစ်ဝယ်ယူခအတွက် အမေရိကန်ဒေါ်လာ ဖြင့် ပေးချေရန် ပျက်ကွက်ခြင်းနှင့် စက်ရုံလည်ပတ်ရန် လိုအပ်သော သဘာဝဓာတ်ငွေ့ကို လုံလောက်အောင် မပေးနိုင်ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် လည်ပတ်မှု လုံးဝရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...