မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ကိစ္စ စစ်ကောင်စီရဲ့လုပ်ဇာတ်လို့ ပြော

မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ကိစ္စ စစ်ကောင်စီရဲ့လုပ်ဇာတ်လို့ ပြော

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေး KIO/KIA ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဇတ်ဖန်းတီးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိချိန်မှာ အစိုးရအသစ်ဖော်ဆောင်နေပြီး တစ်ဖက်မှာလည်း နိုင်ငံတကာနဲ့ တရုတ်အစိုးရရဲ့အမြင်မှာ  KIA နဲ့ PDF ပူးပေါင်းတပ်က အကြမ်းဖက်နေတဲ့ပုံစံထင်ယောင်ထင်မှားဖြစ်အောင် ဆက်တိုက်လုပ်ဆောင်လာတာမြင်တွေ့လာရတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကိုပြောပါတယ်။

“ဒါက စစ်တပ်ကိုယ်တိုင်လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်။ ပြောရရင် မြစ်ကြီးနားမှာ KIA နဲ့ PDF တွေက လေယာဉ်ကွင်း လေဆိပ်တွေအထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ်ဆိုတဲ့ အမြင်မှားအောင် တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ စစ်တပ်က အခု အစိုးရအသစ်လည်း ဖွဲ့စည်းတော့မယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်းတွေ ထပ်ပြီးလုပ်ဆောင်လာဖို့အတွက် လုပ်ဇတ်လုပ်နေတယ်။ KIA နဲ့ PDF တွေရှိနေရင် လုံခြုံမှုမရှိဘူးဆိုပြီး မဖြစ်ဖြစ်အောင် လုပ်နေတဲ့သဘောလို့ပဲသုံးသပ်ပါတယ်”လို့ပြောပါတယ်။

ပြည်သူတွေရှိတဲ့ လေဆိပ်နေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေအထိ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ စစ်တပ်ဟာ မြစ်ဆုံစီမံကိန်းဖော်ဆောင်နိုင်ဖို့ KIA နဲ့ တော်လှန်တပ်ဖွဲ့တွေကို မြို့နဲ့ နီးတဲ့အနီးတဝိုက်မရှိစေလိုတဲ့ ရည်ရွယ်ချက်တဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ သုံးသပ်နေတာလည်းဖြစ်ပါတယ်။

နောက်ပြီး မြစ်ကြီးနားမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ဝိုင်းမော်မြို့အနီးတစ်လျှောက် ကျေးရွာတွေမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

KIA သိမ်းပိုက်နယ်မြေဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆဒုံးနဲ့ ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ စစ်ကြောင်းထိုးဝင်နိုင်မရှိမရှိတဲ့အတွက် ဝိုင်းမော်မြို့အနီး မိုင်းနား၊ ဝူယန်နဲ့ လမြန်ကျေးရွာတစ်လျှောက် နှစ်ဆန်းပိုင်းကနေ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအကောင်အထည်မဖော်နိုင်တဲ့အတွက် မြစ်ကြီးနားမြို့ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အခြေအနေလည်း ပါဝင်နိုင်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတွေ ပြောပါတယ်။

နောက်ပြီး စစ်တပ်ဟာ အစိုးရအသစ်ပြောင်းလဲလာတဲ့တစ်ချိန်တည်းမှာပဲ မြစ်ဆုံစီမံကိန်းကိုလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ရှိလာတာကြောင့် အများပြည်သူရဲ့ အားပေးထောက်ခံမှုတွေ ရရှိအောင် ကြိုးပမ်းနေတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် ကချင်အရေးကျွမ်းကျင်တဲ့ အမျိုးသားတစ်ဦးလည်း အခုလိုဆက်သုံးသပ်ထားပါတယ်။

“လေဆိပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမလုပ်ဘူးလို့လုံးဝမပြောနိုင်ပါဘူး။ အခုဆို စီမံကိန်းနဲ့ ပတ်သက်ပြီးမှ ပြည်သူလူထုရဲ့ မေတ္တာ ထောက်ခံမှုတွေဆိုချင်နေတယ်။ အဲ့ဒါကြောင့် KIA နဲ့ PDF တွေက မကောင်းတဲ့ ပုံစံဖြစ်အောင် ဖန်းတီးနေတာလည်းဖြစ်နိုင်တယ်။ မြစ်ကြီးနားမှာရှိတဲ့ လူတော်တော်များများလည်း အဲ့လိုပဲသုံးသပ်နေကြပါတယ်”လို့ပြောပါတယ်။

မြစ်ကြီးနားမြို့ အများပြည်သူသုံးလေဆိပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပထမအကြိမ် ဒရုန်းနဲ့ပစ်ခံရချိန်မှာလည်း စစ်ကောင်စီက KIA နဲ့ PDF တွေသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

အလားတူ မနေ့က ဖေဖော်ဝါရီလ ၂၀ ည ပစ်ခတ်ခံရတဲ့အခြေနေမှာလည်း KIA နဲ့ PDF တွေရဲ့ လက်ချက်သာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးပြောဆိုတာတွေလည်းရှိလာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဘက်ကမဟုတ်ကြောင်း ငြင်းဆိုထားသလို KIA က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာ၊ ရန်သူမရှိတဲ့ နေရာတွေကို ပစ်ခတ်တာမလုပ်ဘူးလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားတာရှိပါတယ်။

ကချင်နိုင်ငံရေးသုံးသပ်သူတွေရဲ့ ပြောဆိုချက်အရလည်း KIO၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မည်ဆိုပါက စစ်တပ်လေယာဉ်ကွင်း နန့်ပေါင်လေတပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်ကြမှာဖြစ်တယ်လို့ ပြောကြပါတယ်။

မနေ့ လေဆိပ်ပစ်ခတ်ခံရပြီး လေယာဉ်ကွင်းအတွင်းက ရပ်နားထားတဲ့ ခရီသည်တင်လေယာဉ်တစ်စီးရဲ့ အမြှီးပိုင်းထိခိုက်ပျက်စီးသွားတာလည်းတွေ့ရပါတယ်။

ညပိုင်းက လေဆိပ်ပစ်ခတ်ခံရပြီးနောက် မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာကနေ လက်နက်ကြီးတွေ ပြန်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။

မပခစစ်ဌာနချုပ်ထဲက ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက မြစ်ကြီးနားမြို့ပေါ် စီတာပူရပ်ကွက် ကမ်းနားလမ်းရှိ လူနေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာအတွင်း မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးကျမှန်ပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ ယခုပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည မြစ်ကြီးနား လေဆိပ်ပစ်ခတ်ခံရပြီး ပြေဆွဲနေတဲ့ ခရီးသည်လေယာဉ်တစ်စီးထိခိုက် Photo - Crd

နော်ထွယ့်(ဟူးကောင့်)

ကသာမြို့တွင်းပုံ
February 20, 2026
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်က လေကြောင်းကနေ...
February 19, 2026
ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း...
February 18, 2026
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့ Bar...
မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေတဲ့မြင်ကွင်း Photo - Crd
February 17, 2026
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက...