တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်းတွင် ဘုတ်ကန်၊ မင်းသမီး၊ ဇီးဖြူကုန်းကျေးရွာများမှ ဒေသခံပြည်သူများသည် ရပ်ရွာများတွင် အဓမ္မစစ်သားစုဆောင်းခံရမှုများအတွက် ဆန္ဒပြခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ ရက်တွင် မလူ၊ ဇီးဖြူကုန်း၊ အောက်သောင်း၊ ရွာသား၊ မင်းသမီး နှင့် ဘုတ်ကန်ကျေးရွာက ဒေသခံပြည်သူ ၂၅၀ ကျော်သည် အာရှလမ်းမပေါ်ရှိ ဘုတ်ကန်ရွာမှာ စုဝေးကာ ကန့်ကွက် ဆန္ဒပြကြောင်း သိရသည်။

“ဖြစ်လာတဲ့ အကြောင်းရင်းက ပြည်သူတွေ အရမ်းပေါက်ကွဲသွားပြီ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ယောကျာ်းတွေ ၊ သားတွေ စိတ်ဆန္ဒ သဘောမပါဘဲနဲ့ အတင်းအဓမ္မခေါ်ဆောင်ခံရလို့ ဖြစ်ကုန်တဲ့ ကိစ္စတွေပါ။ ဒီဘက်မှာ တော်တော် ဆိုးပါတယ်။ လူစုဆောင်းတဲ့ ကိစ္စက အတင်းအဓမ္မတွေ လုပ်တယ်။ နောက်ဆုံး ကင်းပုန်းဝှက်ပြီး ဖမ်းတယ်။ ဆိုင်ကယ် ကယ်ရီသမားတွေ တွေ့ရင် ဖမ်းတယ်။ တွေ့တဲ့ လူကို မထင်ရင် မထင်သလို ဖမ်းတဲ့ အဆင့်တွေ ရောက်ကုန်တာ ပေါ့နော်။ အဆိုးဆုံးက လယ်ထဲယာထဲမှာ အလုပ် လုပ်ကိုင်နေတဲ့ ယောကျာ်းသားတွေကို တွေ့တယ်ဆိုရင် ဝိုင်းဖမ်းတယ်။ ထွက်ပြေးရင် သေနတ်ပစ်ဖောက်ပြီး ဖမ်းတဲ့ အဆင့်အထိ ဖြစ်ကုန်ပါတယ်၊၊ အဲဒါကြောင့်လည်း ပြည်သူတွေ လမ်းပေါ် ထွက်လာပါတယ်။ လွတ်လပ်စွာ ဆန္ဒပြကြပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

NUG အစိုးရ၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်းတပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ နှင့် တပ်ရင်း ၅ တို့က ဒေသခံပြည်သူများအပေါ် ပုံစံမျိုးစုံဖြင့် စစ်သားစုဆောင်းမှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမှုများအတွင်း အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင်တပ်ရင်းမှ တာဝန်ရှိသူတချို့သည် ဆန္ဒပြ ကန့်ကွက်နေသော ကျေးရွာတချို့မှ ၎င်းတို့ ဖွဲ့စည်းပေးထားသော ရပ်ကျေးခေါင်းဆောင် ၆ ဦးကို ယမန်နေ့ညနေက ဆန္ဒပြမှုကို ညှိနှိုင်းရန်အတွက် ခေါ်ဆောင်သွားကြပြီး နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေက ဆန္ဒထုတ်ဖော်တယ်။ သူတို့ အတင်းအဓမ္မခေါ်သွားတဲ့ လူတွေ မောင်တွေ၊ အစ်ကိုတွေ၊ ယောကျာ်းသားတွေ ပေါ့ဗျာ။ အဲဒါတွေကို ပြန်လွှတ်ပေး။ နောက်နောင်လည်း ဒီလို မဆွဲတော့ပါဘူးဆိုတာကို ပြည်သူတွေက တောင်းဆိုတယ်ဗျ။ အဲလို ပြောတဲ့အချိန်မှာ တာဝန်ရှိတဲ့ သူတစ်ဦးကနေ အမှတ် ၁ စစ်ဒေသ ခရိုင်းတပ်ရင်းက တာဝန်ရှိသူတစ်ဦးက ၁ နာရီအတွင်း အဆင်ပြေအောင် ညှိနှိုင်းပေးပါမယ်လို့ ပြောသွားတာ ရှိပါတယ်။ အဲဒီနောက်မှာ အရင်က ဖွဲ့ပေးထားတဲ့ ရပ်ကျေးခေါင်းဆောင် ၆/၇ ဦးလောက်ကို ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်သားစုဆောင်းမှုများသည် တမူးခရိုင်းထဲရှိ ခမ်းပတ်၊ ကနန်နှင့် လက်ရှိ ဆန္ဒပြနေသော ကျေးရွာများ အပါအဝင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဒေသတချို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြသော အခြေအနေအထိ တင်းမာလာနေသည်ဟု သိရသည်။

စစ်ဒေသ ၁၊ တမူးခရိုင်းတပ်ရင်းများထံသို့ အဆိုပါ ဆန္ဒပြမှုများနှင့်ပတ်သက်၍ ခိုနူမ်းသုန်အနေဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်ပါသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...