သံလွင်မြစ်ရေ အဆိပ်သင့်မှု ဖြေရှင်းရန် သတ္တုတူးဖော်မှုများ စနစ်တကျ ထိန်းချုပ်မည်ဟု IEC ပြော

သံလွင်မြစ်ရေ အဆိပ်သင့်မှု ဖြေရှင်းရန် သတ္တုတူးဖော်မှုများ စနစ်တကျ ထိန်းချုပ်မည်ဟု IEC ပြော

စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင် သတ္တုအဆိပ် အတောက်များ စိုးရိမ်ရအဆင့် တွေ့ရှိထားကြောင်း သုတေသနအချက်အလက်များ ထွက်ပေါ်လာပြီးနောက် သတ္တုတူးဖော်ရေးလုပ်ငန်းများအား စနစ်တကျ ထိန်းချုပ်ကြပ်မတ်သွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ပြောကြားလိုက်သည်။

အဆိုပါ သံလွင်မြစ်ရေသည် မြန်မာနိုင်ငံ၏ ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းသည်။

သံလွင်မြစ်၊ မဲခေါင်မြစ်နှင့် ကော့မြစ်တို့မှ ရေအရည်အသွေးစစ်ဆေးမှုရလဒ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် IEC တို့ ပူးပေါင်းကာ ၂၀၂၅ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ မြစ်သုံးခုရှိ နေရာ ၂၀ မှ ရေ၊ မြေဆီလွှာ၊ နုန်းမြေအနည်၊ သီးနှံနှင့် ရေနေသတ္တဝါများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သုတေသနအရ သံလွင်မြစ်အတွင်း အာဆင်းနစ်နှင့် အခြားသတ္တုအဆိပ်များ ပါဝင်မှုမြင့်တက်နေပြီး စိုက်ပျိုးသီးနှံများနှင့် ရေနေသတ္တဝါများတွင်ပါ သတ္တုအဆိပ်သင့်မှု လက္ခဏာများ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ယင်းအခြေအနေသည် မြစ်ရေကို သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအတွက် အသုံးပြုနေသည့် ဒေသခံများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေးသည်။

ရေထုညစ်ညမ်းမှုသည် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဓာတုပစ္စည်း စွန့်ပစ်မှုများနှင့် ဆက်နွယ်နိုင်ကြောင်း ထိုင်းသုတေသီများက ထောက်ပြထားသည်။ သို့သော် အဆိုပါ ပြဿနာသည် ကရင်နီပြည်အတွင်း လုပ်ကိုင်နေသည့် သတ္တုတူးဖော်မှုများသာမက ရှမ်းပြည်နယ်ဘက်ရှိ မြေရှားတူးဖော်မှုနှင့် ရွှေတူးဖော်မှုများနှင့်လည်း ဆက်စပ်နိုင်ကြောင်း IEC အတွင်းရေးမှူး(၂) က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ဒီရေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးတာ ဆက်လုပ်ရမယ်။ တချို့နေရာတွေလည်း ဆက်ပြီး စစ်ဆေးဖို့ လိုအပ်နေသေးတယ်။ စစ်ဆေးပြီးရင် ဧရိယာတခုချင်းဆီမှာ ထိန်းချုပ်ကာကွယ်ဖို့ စနစ်တွေ ပြန်ထူထောင်သွားမယ်” ဟု ဗညားခွန်အောင်က ပြောသည်။

ထို့ပြင် သတ္တုဆေးကြောရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် သတ္တုခွဲထုတ်မှု မြန်ဆန်လာသော်လည်း ဓာတုအကြွင်းအကျန်များကို မြစ်အတွင်း မစီးဝင်စေရန် ရေထိန်းကန်စနစ်များ ပိုမို အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ သတ္တုဆေးကြောတဲ့ အဆင့်မှာ ပုံမှန်ရေနဲ့ ရိုးရိုးအက်ဆစ်သုံးတာရှိတယ်။ အဲ့ဒါက  အချိန်တအားကြာတယ်။ အခုနောက်ပိုင်းက တချို့ ဓာတုဆေးကို သုံးပြီးခတ်လိုက်တော့ ပိုပြီး ခဲထွက်မြန်တယ်။ နှစ်ပတ်သုံးပတ်၊ တလမှ ခဲပေါ်မယ့် ဟာကို တပတ်အတွင်း ခဲပေါ်အောင် သန့်စင်လိုက်တာပေါ့။ အဲ့ဒီ့ဓာတုတချို့ကို ဖယ်ရှားဖို့ ဒါမဟုတ် ထိန်းချုပ်ဖို့ လိုအပ်နေပါတယ်” ဟု IEC အတွင်းရေးမှူး(၂)က ဆက်လက်ပြောသည်။

IEC အနေဖြင့် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာမှုစနစ်များ တိုးမြှင့်ရန်နှင့် ဒေသခံများပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှတဆင့် ထိန်းချုပ်ကြပ်မတ်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ဟုခေါ်သည့် အလွန်အဆိပ်သင့်စေသည့် သတ္တုဓာတ်ပါဝင်မှုက ဘေး အန္တရာယ်ကင်းမှု ပမာဏထက် ငါးဆ မြင့်မားနေသည်ကို တွေ့ရှိပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ထိုင်းအာဏာပိုင်များက သံလွင်မြစ်ရေ သုံးစွဲခြင်းနှင့် မြစ်ငါးစားသုံးခြင်းများကို တားမြစ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ဖြတ်သန်းစီးဆင်းသည့် သံလွင်မြစ်၏ ရေထုညစ်ညမ်းမှုသည် နယ်စပ်တလျောက်ရှိ ပြည်သူများကို ထိခိုက်နိုင်၍ သတ္တုတူးဖော်မှုလုပ်ငန်းများအား စနစ်တကျ ထိန်းချုပ်ခြင်းအပါအဝင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ နည်းပညာအကူအညီများနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း IEC က ဆိုသည်။

March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...
March 4, 2026
မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း...
စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...