စစ်ကော်မရှင်က လိုင်စင်မဲ့ယာဉ်စီးနင်းသူများထံ ငွေကျပ်သိန်း ၄၀ အထိကောက်ခံနေ

စစ်ကော်မရှင်က လိုင်စင်မဲ့ယာဉ်စီးနင်းသူများထံ ငွေကျပ်သိန်း ၄၀ အထိကောက်ခံနေ
ဂျိုင်းတံတား(ဇာသပြင်) စစ်ဆေးရေးဂိတ် ပုံဟောင်း
ဂျိုင်းတံတား(ဇာသပြင်) စစ်ဆေးရေးဂိတ် ပုံဟောင်း

ကရင်ပြည်နယ် မြဝတီမြို့နယ်မှတစ်ဆင့် လိုင်စင်မဲ့ယာဉ်တင်သွင်းခြင်းလုပ်ငန်းကို ခွင့်ပြုထားသည့် စစ်ကော်မရှင်အဖွဲ့များ ဂျိုင်းတံတား(ဇာသပြင်) စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ် စီးနင်းသူများထံ ကျပ်သိန်း ၄၀ အထိ ငွေညှစ်တောင်းခံနေကြောင်း ဒေသခံနှင့် ယာဉ်ပွဲစားများထံမှ သိရသည်။

လိုင်စင်မဲ့ယာဉ်များကို မြဝတီ-ကော့ကရိတ်-ဘားအံလမ်းပိုင်းမှတစ်ဆင့် စစ်ကော်မရှင်အဖွဲ့နှင့် ယာဉ်ပွဲစားများက ပူးပေါင်းတင်သွင်းနေကြပြီး ဘားအံနှင့် မော်လမြိုင်မြို့နယ်ဘက်သို့ ပြန်လည် ဖြန့်ဖြူးရောင်းချနေသည်။

ဝယ်ယူစီးနင်းသူများသည် ယခုရက်ပိုင်းအတွင်း ဘားအံ-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကော်မရှင်နှင့် BGF ပူးပေါင်းစစ်ဆေးရေးလုပ်ဆောင်နေသည့် ဂျိုင်းတံတား (ဇာသပြင်) စစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီး ကျပ်သိန်း ၄၀ ပေးဆောင်မှသာ သွားလာခွင့်ပြုမည်ဟု ခြိမ်းခြောက်ငွေညှစ်နေကြောင်း မော်လမြိုင်မှ ယာဉ်ပွဲစားတစ်ဦးက ဆိုသည်။

“ အခုက ဖောင်တွေနဲ့လည်း ဖြတ်မရတော့ ဂျိုင်းတံတားကိုပဲ အကုန်ဖြတ်ကြရတယ်လေ။ ဟိုနေ့က ကော့ဘိန်းက ဦးလေးတစ်ယောက် သာမညဘက်ကို ကားသွားဝယ်ပြီး ကော့ဘိန်းကို မောင်းပြန်တာ၊ အဲဂိတ်ရောက်တော့ ထိသွားတယ်။ ဟိုက်ဂျက်လိုင်စင်မဲ့တစ်စီးကို သိန်း ၄၀ ပေးရမယ်လို့ ဂိတ်လုံခြုံရေးအဖွဲ့က ပြောတယ်။ မပေးရင်လည်း ကားရော၊ လူရော ဖမ်းပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်” ဟု ပွဲစားက ပြောသည်။

ထို့အပြင် ဂျိုင်းတံတားတစ်ဖက်ကမ်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်အဖွဲ့နှင့် နီးစပ်သူများက မြဝတီမြို့မှ လိုင်စင်မဲ့မော်တော်ယာဉ် တင်သွင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သူ များပြားကြောင်းလည်း ဘားအံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“နောက်ဆုံးတော့ ဒီမှောင်ခိုအလုပ်က စကမနဲ့ BGF တွေနဲ့ နီးစပ်တဲ့လူတွေပဲ လုပ်နေတာလေ။ သူတို့ဟာသူတို့ ချိတ်ဆက်ကြပြီးတော့ လုပ်နေကြတာ။ လူကြားကောင်းအောင်ပဲ ဖမ်းသလိုလို ဘာလိုလို လုပ်နေတာ။ တစ်ရက်ကို လိုင်စင်မဲ့ဆိုင်ကယ်၊ ကားမနည်းမနောက ခရားအပြင်နဲ့ သံလှယ်ကျေးရွာဘက်ကို ဝင်နေတာ။ ဟိုအိမ်မှာ ၅ စီး၊ ဒီအိမ်မှာ ၅ စီး ထားထားတာကို ဘာလို့ သွားမဖမ်းကြတာလဲ။ သူများတွေဝယ်ပြီးမှ ပိုက်ဆံကောက်စားနေကြတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

မွန်နှင့်ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းကို စစ်ကော်မရှင် ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့နှင့် စစ်သားများက ယနေ့အထိ လုပ်ဆောင်နေသော်လည်း လိုင်စင်မဲ့ယာဉ်တင်သွင်းခြင်းလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိပေ။

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ဘက်တံဆိပ်ပြောင်းထားသည့် BGF တပ်မဟာအချို့မှ တပ်သားများ KNA အမည်ဖြင့် မှောင်ခိုအလုပ်ကို လုပ်ပိုင်ခွင့် မရှိသည့်အတွက် BGF ဘက်တံဆိပ်ကို ပြန်ပြောင်း၍ မှောင်ခိုအလုပ်များကို ဆက်လက်လုပ်ကိုင်နေကြောင်းလည်း ဆိုသည်။

ဘက်တံဆိပ်မပြောင်းသည့် ကရင်နယ်ခြားစောင့်တပ် BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် အခြားသောအဖွဲ့များကို မွန်ကရင်နယ်စပ် လမ်းပေါ်ရှိ ကုန်စည်ယာဉ်၊ လိုင်စင်မဲ့ယာဉ်နှင့် လမ်းပိုင်းစစ်ဆေးရေးဂိတ်များတွင် စစ်ကော်မရှင်က လုပ်ပိုင်ခွင့်ပေးထားသည်ဟု ယာဉ်မောင်းများမှ သိရသည်။

Most read this week

March 18, 2026
မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး...
March 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပိတ်မိနေသည့် ကုန်တင်ယာဉ်နှင့်...
March 14, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ...