သံချပ်ကာကား သုံးပြီး ဘောမိကနေ ဂွမြို့နယ်သို့ ဝင်ရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

သံချပ်ကာကား သုံးပြီး ဘောမိကနေ ဂွမြို့နယ်သို့ ဝင်ရန် စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS

စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ပြီး ရခိုင်ပြည်သို့ ဝင်ရောက်နိုင်ရေး အသန်းအသန် ကြိုးပမ်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဘောမိကျေးရွာကတစ်ဆင့် မကျီးဇင်၊ ဂွမြို့နယ် ကျောက်ခွန် လမ်းပိုင်းအတိုင်း ဝင်ရောက်နိုင်ရေး သံချပ်ကာကားများ၊ လူအင်အားအလုံးအရင်းသုံးကာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရေးအခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက “ ငသိုင်းချောင်းကနေ  ရခိုင်ကို ဝင်လို့ မရောက်နိုင်တော့ ဧရာဝတီ- ရခိုင် ကမ်းရိုးတမ်းလမ်းကြောင်း ဘောမိ- မကျီးစင်- ကျောက်ချွန်လမ်းကြောင်းကနေ ထိုးစစ်ဆင်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာ။ အဓိကတော့ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်း ဖွဲ့ပြီး စီစဉ်နေတာ။ ဘောမိနဲ့ မကျီးဇင်ဖက်ကနေ သံချပ်ကာကားတွေပါတဲ့  စစ်ကြောင်းတွေနဲ့ ထိုးတက်ဖို့ လုပ်နေတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေကာ သာပေါင်းမြို့နယ်တွင်လည်း ထိတွေ့တိုက်ပွဲများ ရှိနေကြောင်း ပြောဆိုကြသည်။

အဆိုပါ တိုက်ပွဲများအတွင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများက ထုတ်နုတ်အင်အားများ၊ ပြည်သူ့စစ်များနှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့က လူပေါင်းထောင်နှင့်ချီ စုရုံးကာ ထိုးစစ်ဆင် ကြိုးပမ်းနေခြင်းဖြစ်သည်။

“ လေးမျက်နှာဖက်မှာလည်း ပုသိမ်-မုံရွာလမ်းပိုင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရွာတွေကို ထိုးစစ်ဆင်နေတယ်။ သာပေါင်းမြို့နယ်အတွင်းမှာလည်း သာပေါင်း-မကျီးဇင် ကားလမ်းပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ် ” ဟု ဧရာဝတီတိုင်းက စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ စစ်ကောင်စီရဲ့ စစ်ကြောင်း ၃ ကြောင်းလုံးဟာ မြေပြင်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့လည်း အထိနာစွာနဲ့ပဲ ပြန်ဆုတ်နေရပြီးတော့ ပြည်သူ့စစ်တွေကို အဓိက ရှေ့တန်းက ထားပြီး အသေခံ တိုက်ခိုင်းနေတာ။ ပြည်သူ့စစ်က သူတို့အတွက် လူသားအရင်းအမြစ် ရရှိနေတယ် ” ဟု သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီ၏ အနောက်တောင်တိုင်းနှင့် ကမ်းရိုးတန်းတိုင်းက တပ်များပူးပေါင်းပြီး ဘောမိဖက်နှင့် မကျီးဇင်လမ်းပိုင်းရှိ သာပေါင်းလေး၊ သဲဖြူနှင့် ကျားခေါင်းကျေးရွာအနီး တဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းအပြင် ကျုံပျော်နှင့် အင်္ဂပူမြို့နယ်က တပ်များပူးပေါင်းပြီး လေးမျက်နှာမြို့နယ် စစ်မျက်နှာတွင် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ရခိုင်က ဆုံးရှုံးမြို့နယ်များကို ပြန်လည်ရနိုင်ရန် ကြိုးပမ်နေသည့် မကွေး၊ ပဲခူး၊ ဧရာဝတီ ငသိုင်းချောင်း လမ်းကြောင်းများတွင် ရေတပ်ပစ်ကူ မရရှိနိုင်သဖြင့် ဧရာဝတီတိုင်း နောက်တစ်လမ်းကနေ ထိုးစစ်မြှင့်နေခြင်းဖြစ်ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။

ရခိုင်စစ်ရေးစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက “ စစ်ကောင်စီဟာ ရခိုင်က ဆုံးရှုံးမြို့နယ်တွေကို ရှမ်းမြောက်မှာလို မြို့ အနည်းငယ်ဖြစ်ဖြစ် ဂုဏ်သိက္ခာအဖတ်ဆယ်ဖို့ လိုချင်နေပုံ ပေါ်တယ်။ ဒါကြောင့် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးဖက်ကနေ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ။ မကွေးနဲ့ ပဲခူးကတော့ ရေတပ်ပစ်ကူ မရတာကြောင့် သူတို့ စစ်ရေး အသာမရဘူး။ ဧရာဝတီက ကမ်းရိုးတန်းဒေသ ဖြစ်ပြီး ပထဝီဒေသအရလည်း ကျဉ်းမြောင်းတာကြောင့် ရေကြောင်း ပစ်ကူပေးလို့ရတော့ ဒီဖက်ကနေ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်နိုင်ဖို့ ပြုလုပ်တာမျိုး ဖြစ်နိုင်တယ် ” ဟု ပြောသည်။

အာရက္ခတပ်တော်သည် ဧရာဝတီတိုင်း ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်း ၁၀ ခု ထက် မနည်းနှင့် ပုသိမ်- မုံရွာ လမ်းပိုင်းကို သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဝင်ပေါက်တို့ကနေ ထိုးဖောက်နိုင်ရေး ကြိုးပမ်းနေကာ ရခိုင်ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင်လည်း ရေတပ်အင်အား ဖြည့်ကျက်ပြီး အားဖြည့်နေသည်။

လေကြောင်းအန္တရာယ်ကြောင့် ဗုံးခိုကျင်းတစ်ခုတွင် ဝပ်နေကြရသည့် ရခိုင်က ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း
February 24, 2026
စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအောက်တွင် ရခိုင်ပြည်က ကလေးသူငယ်များမှာ...
စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ကျောက်ဖြူရှိ Vpower ဓာတ်အားပေး စက်ရုံသို့ ၂၀၂၂ ခုနှစ် ဇွန်လက လာရောက်ခဲ့စဉ်။ (ဓာတ်ပုံ-MOI)
February 23, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် CNTIC နှင့် ဟောင်ကောင်အခြေစိုက် V Power...
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - DMG
February 21, 2026
အိန္ဒိယနိုင်ငံသား ကားသမားတစ်ဦး သေဆုံးမှုကြောင့် ပိတ်ထားသည့် အိန္ဒိယ - ရခိုင်...
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာမြင်ကွင်း။ ဓာတ်ပုံ-APM
February 20, 2026
ရခိုင်လက်ကျန်မြို့ထဲမှ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား...