ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"တစ်ဖက်ရန်သူ့ရဲ့ ပိုစ့်ကလေးတစ်ခုသိမ်းတယ်လို့ အကြောင်းကြားလာကြတယ်။ ဘယ်တစ်ခုလဲ ဆိုတာတော့ မသိရဘူး။ လမ်းပေါ်ကဂိတ်လား။ ဒါမှမဟုတ် ၅၈ က ပိုစ့်လားဆိုတာ အဲဒါတော့ အတိအကျမသိရသေးဘူး။ ဒါပေမဲ့ ပိုစ့်တစ်ခုသိမ်းပြီလို့တော့ အကြောင်းကြားလာကြတယ်" လို့ ဗိုလ်မှူးကြီးနောါဘူက ဆိုပါတယ်။
လက်တလောမှာ စစ်ကော်မရှင်တပ်က မြောက်ပိုင်းတိုင်း(မပခ)ဘက်ကနေ ဝိုင်းမော်မြို့ဘက်ကို စစ်အင်အားထပ်မံဖြည့်တင်းတာတွေ ရှိနေပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးက ဆက်ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ စခန်းကတော့ မိုင်းနား- ဝါရှောင်လမ်းပေါ်က စစ်ကော်မရှင်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခု ဖြစ်တယ်လို့ ကြားသိရကြောင်းလည်း ဝိုင်းမော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
"ဝါရှောင်ဘက်တက်လာတဲ့လမ်း။ အဲဒီဘက်က ငှက်ပျောခြံ၊ ပြည်သူ့စစ် ပိုစ့်ကိုလာယူသွားတာတဲ့။"လို့ အဲဒီဒေသခံက ပြောပါတယ်။
KIA တပ်ဘက်က အရင်လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ကြတာလို့ ကြားသိရကြောင်းလည်း အဲဒီဝိုင်းမော်မြို့ခံက ဆက်ပြောပါတယ်။
မနေ့ကမနက် ၆ နာရီဝန်းကျင်လောက်ကနေ ၁၁ နာရီဝန်းကျင်ကြား တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိတဲ့အပြင် လေကြောင်းနဲ့လည်း လာရောက်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက ကြားသိရပါတယ်။
ပြီးခဲ့တဲ့လကလည်း ဝိုင်းမော်မြို့နယ်ထဲ KIA နဲ့ စစ်ကော်မရှင်တပ်တို့ နေတိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကစလို့ ဝိုင်းမော်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ အတွက် ဝိုင်းမော် - လိုင်ဇာလမ်းမကြီးပေါ်က ကျေးရွာတွေ၊ ဝိုင်းမော် - ကန်ပိုင်တည် လမ်းမကြီးပေါ်က ကျေးရွာအားလုံးနီးပါးက ပြည်သူတွေနဲ့ ဝိုင်းမော်မြို့ပေါ် ရပ်ကွက်တချို့က ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။
ပြည်သူတွေဟာ အဲဒီအချိန်ကတည်း လက်ရှိအချိန်ထိ ဝိုင်းမော်မြို့ရဲ့ မြောက်ဘက်ခြမ်း၊ ဗလမင်းထင်းတံတားအထက်ဘက် ကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာသာမက မြစ်ကြီးနားမြို့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုး၊ အသိုင်းအဝိုင်းတွေဆီမှာ ခိုလှုံနေကြပါတယ်။
ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝိုင်းမော်မြို့အနီးတစ်ဝိုက်က ကျေးရွာအများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။







