မန်းကိုကို — လူတိုင်း ပိုကောင်းတဲ့ အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတယ်။ ကရင်လူမျိုးစုတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ အနာဂတ်ကောင်းတွေအတွက် တစ်ကိုယ်တော် တည်ဆောက်လို့ရသလို ထုထည်နဲ့ အရှိန်အဟုန်ကို အဆပေါင်း အများကြီး ပွားများစေနိုင်တဲ့ စုပေါင်းအားကို အသုံးပြုနိုင်ရင်တော့ ဖြတ်သန်းရတဲ့ ‘အချိန်’တွေကို ချုံ့ပစ်လိုက်လို့ရတယ်။
ဒီတော့ ကရင်လူမျိုးစုတွေ အနာဂတ်ကောင်းတခုကို တည်ဆောက်ကြတဲ့နေရာမှာ ရှောင်လွှဲလို့ မရနိုင်တဲ့ ဒေါက်တိုင် ၃ ခုကို ချပြချင်တယ်။ လွယ်ကူတဲ့အရာတွေမဟုတ်သလို အချိန်လည်း ယူရမယ့်ကိစ္စရပ်တွေ ဖြစ်တယ်။ ဒီမှာတော့ စိတ်ထဲ မျိုးစေ့ချပေးတဲ့အဆင့်ပါ။
(၁) အခွန်စနစ် (Tax System)
ကရင်လူမျိုးတွေ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ ဒေသအများစုဟာ ‘အခွန်’ကဏ္ဍနဲ့ မရင်းနှီးကြပါဘူး။ ကုန်သွယ်ရေးနဲ့ ဂိတ်ဖွင့်အခွန်ကောက်ကြတဲ့ ‘အကောက်ခွန်’ အစိတ်အပိုင်းလောက်ကိုပဲ ကျွမ်းဝင်ကြတယ်။ အခုပြောတဲ့ အခွန်ကဏ္ဍကတော့ လူတိုင်းနဲ့ဆိုင်တဲ့ ကျယ်ပြန့်တဲ့အရာပါ။ လူတိုင်း၊ လုပ်ငန်းတိုင်း မှတ်ပုံတင်ရပြီး ဝင်ငွေအပေါ် တွက်ချက် ပေးဆောင်ရတာမျိုးပါ။
ဒီမှာ တင်ပြတာဟာ သူ ဘယ်လောက်သိပြီး ငါ ဘယ်လောက်နားလည်တယ်လို့ အငြင်းအခုံလုပ်ဖို့ မဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီပြီး မြို့ငယ် ရွာငယ်လေးကအစ အင်ပါယာတွေအဆုံး တည်ဆောက်လည်ပတ်ဖို့ မဖြစ်မနေ လိုအပ်၊ ကောက်ခံ သုံးစွဲခဲ့ကြရတဲ့ ဒေါက်တိုင်ကြီးတစ်ခုဖြစ်တယ်ဆိုတာ သိစေချင်တာက အဓိကပါ။
ရာစုနှစ်နဲ့ချီပြီး ဖန်တီးမွမ်းမံသုံးစွဲလာခဲ့ကြတဲ့ အခွန်စနစ်တွေဟာ ကျယ်ပြန့်ရုံမက ရှုပ်ထွေးပါတယ်။ မျှတမှုရှိ အောင်လည်း ရေးဆွဲထားကြတယ်။ အရိုးရှင်းဆုံး နှစ်ချက်ကတော့ လူတိုင်းပေးဆောင်ရတာနဲ့ ‘ကင်းလွတ်ခွင့်’တွေပါ။ ဝင်ငွေများတိုင်း၊ လုပ်ငန်းပိုင်ဆိုင်တိုင်း အခွန်အများကြီးကောက်မယ်လို့ လုပ်လို့မရပါဘူး။ အကြောင်းအမျိုးမျိုးအပေါ် မူတည်ပြီး အလျှော့အတင်းနဲ့ ကင်းလွတ်ခွင့်တွေ ရှိပါတယ်။
နိုင်ငံတကာကိုကြည့်ရင် အခွန်ကောက်ခံမှုနှုန်း အမျိုးမျိုးရှိကြတယ်။ အမြင့်ဆုံးအနေနဲ့ ၆၀ % လောက်အထိ တောင် ရှိကြတယ်။ အကယ်၍များ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ကရင်လူမျိုးတွေသာ တစ်ယောက်ကို ၂ % စီလောက် ကိုယ့်ဆန္ဒနဲ့ကိုယ် ကောက်ခံစုစည်းနိုင်မယ်ဆိုရင် ဘာဖြစ်နိုင်မလဲ။ နွားလှည်းကို ဂျက်အင်ဂျင်တပ်လိုက်သလို ဖြစ်သွား မယ်လို့ မြင်ယောင်ကြည့်လို့ရတယ်။
သို့သော် အရာရာဟာ အလိုလို ချောမွေ့တာတော့ မဟုတ်ပါဘူး။ လစာသတ်သတ်မှတ်မှတ်ရှိတဲ့ ဝန်ထမ်းတွေ လိုလာမှာဖြစ်သလို အချို့နိုင်ငံတွေမှာ လူမှုအဖွဲ့စည်းအနေနဲ့ ရပ်တည်ဖို့ လိုပါလိမ့်မယ်။ အဆိုးဆုံး ရင်ဆိုင်ရနိုင်တာက တော့ ကရင်လူမျိုးတွေရဲ့မွေးရပ်မြေမှာ စင်ပြိုင်အဖြစ်မခံနိုင်သူတွေရဲ့ အကြောက်အကန် တိုက်ခိုက်မှုတွေပါ။ တွေးကြံ ပြင်ဆင်ထားဖို့လည်း လိုပါမယ်။
(၂) ဘဏ်လုပ်ငန်း (Banking)
ကမ္ဘာပေါ်မှာ ကုန်သွယ်မှုတွေ ထွန်းကားလာတာနဲ့အတူ ဘဏ်လုပ်ငန်းတွေလည်း လိုအပ်ချက်အရ တဆင့်ချင်း ပေါ်ပေါက်တိုးတက်လာခဲ့တယ်။ ဝန်ဆောင်မှုပေးနိုင်တာတွေလည်း အများကြီး ကျယ်ပြန့်လာခဲ့တယ်။ သူတို့တွေမပါဘဲ နိုင်ငံတစ်နိုင်ငံ လည်ပတ်ဖို့နဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ မဖြစ်နိုင်လောက်အောင်ပါပဲ။ ပြိုကွဲနေတဲ့နိုင်ငံနဲ့ ဒေသတွေမှာတောင် ရှေးဦးဘဏ်ဝန်ဆောင်မှုသဏ္ဍာန်ဖြစ်တဲ့ ငွေလွှဲ ငွေလဲသမားတွေ ရှိနေကြရတယ်။
ကမ္ဘာမှာ ဘာမှမရှိတဲ့ လေဟာနယ်ထဲကနေ ဥုံဖွဆိုပြီး ငွေကြေးနဲ့ ကြွယ်ဝမှုတွေ ဖန်တီးနိုင်သူတွေ ရှိတယ်။ အဓိက ၂ ခုကတော့ ‘အစိုးရ’ နဲ့ ‘ဘဏ်’တွေပဲဖြစ်တယ်။ အစိုးရကတော့ ငွေကြေးတွေကို အတိုင်းအဆမရှိ ပုံနှိပ်ထုတ်ဝေ ကြတယ်။ ယုံကြည်မှုနဲ့ အာမခံချက်တွေအပေါ် မူတည်ပြီး ငွေကြေးတန်ဖိုးနဲ့ သုံးစွဲ စုဆောင်းမှုတွေကို ပြည်သူတွေက အဆုံးအဖြတ်ပေးကြတာပေါ့။
ဘဏ်တွေကတော့ သာမာန်အခြေအနေမှာ ဖြစ်မလာနိုင်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးနိုင်ပြီး ငွေ ၁ကျပ်ကို ထပ်ဆင့်ချေးငွေတွေနဲ့ ၁၀ဆဖြစ်အောင် ဖန်တီးနိုင်ခွင့် ရှိကြတယ်။ ဒါကြောင့် ကရင်လူမျိုးတွေအနေနဲ့ ပေါင်မုန့်ဖုတ်တဲ့ ‘တဆေး’ (Yeast) နဲ့သဏ္ဍာန်တူတဲ့ ‘ဘဏ်လုပ်ငန်း’ကဏ္ဍကို မထိုးဖောက်နိုင်မချင်း ကြီးကျယ်တဲ့အောင်မြင်မှုတွေနဲ့ ဝေးနေနိုင်တယ်လို့ သိစေချင်တယ်။
(၃) ကုန်ထုတ်လုပ်မှု (Manufacturing)
သမိုင်းတစ်လျှောက် ကုန်ထုတ်လုပ်မှုအဆင့်ကိုကျော်ပြီး ဘယ်နိုင်ငံ-ဒေသ-လူမျိုးကမှ မတိုးတက်ခဲ့ဘူး။ ပိုကောင်းတဲ့ အနာဂတ်အတွက် ကုန်ထုတ်လုပ်မှုကို ကရင်လူမျိုးတွေ မဖြစ်မနေ တည်ဆောက်ကြရမယ်။ ကုန်ထုတ် လုပ်မှုနဲ့အတူ အမွှာညီအကိုဖြစ်တဲ့ ‘ဝန်ဆောင်မှု’ (Service) ကဏ္ဍဟာလည်း အလိုအလျောက် မွေးဖွားကြီးပြင်းလာ လေ့ရှိတယ်။ ဘဏ်လုပ်ငန်းအပါအဝင် ကုန်စည်ပို့ဆောင်ရေး၊ ဖုန်းခေါ်ဆိုမှုဖြေကြားရေး၊ အွန်လိုင်းကွန်ပြူတာနဲ့ ဆော့ဖ်ဝဲလ်အထောက်ကူပြုလုပ်ငန်းတွေဟာ ကြီးမားတဲ့ ဝန်ဆောင်မှုကဏ္ဍ နမူနာတွေ ဖြစ်တယ်။ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်လို နိုင်ငံတွေဟာ ဒီကဏ္ဍတွေကနေ အကျိုးအမြတ်တွေ အများကြီး ဖန်တီးနေနိုင်ခဲ့ကြတယ်။
ကုန်ထုတ်လုပ်မှုတည်ဆောက်ရာမှာ လုပ်ငန်းငယ်လေးတွေဟာ အင်မတန်အရေးပါတယ်။ မလေးရှား၊ တောင်ကိုရီးယား စသည်ဖြင့် အရှိန်အဟုန်နဲ့ တိုးတက်တဲ့နိုင်ငံတွေမှာ ဂိုဒေါင်တစ်ခန်းစာ လုပ်ငန်းငယ်လေးပေါင်း ထောင် သောင်းချီတွေက အဓိကဒေါက်တိုင်လေးတွေ ဖြစ်တယ်။ အတုယူစရာ စံနမူနာကောင်းတွေပါ။
အတွေ့ကြုံနည်းတဲ့ ကရင်လူမျိုးနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကျော်ဖြတ်ဖို့လိုတဲ့ စိတ်တံတိုင်းတစ်ခုကတော့ ‘အမြတ်စွန်း’ပါ။ အမြတ်အစွန်းမရှိဘဲနဲ့ ဘယ်လိုလည်ပတ်မလဲလို့ ကိုယ့်ဖာသာ လမ်းပိတ်ထားမိတတ်ကြတယ်။ တကယ်တော့ အတွေ့အကြုံ၊ အခွင့်အလမ်း၊ အသိ-အတတ်ပညာတွေဟာလည်း တန်ဖိုးရှိတဲ့ အမြတ်အစွန်းတွေပါပဲ။
ဒီတော့ ဒီတံတိုင်းကို ကျော်ဖြတ်ဖို့က ...
» ကိုယ့်ဒေသမှာ လာဖွင့်တဲ့ အလုပ်ရုံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဒေသခံတွေကို မဖြစ်မနေ အလုပ်ခန့်ဖို့ ဥပဒေစည်းမျဉ်းချတာ
» ဝင်ငွေပိုများတဲ့ ဒေသတွေကနေ ကောက်ခံထားတဲ့ အခွန်ငွေတွေနဲ့ မရှိမဖြစ် ကုန်ထုတ်လုပ်ငန်းငယ်တွေကို ကမကထလုပ် တည်ထောင်ပေးတာ
» လက်တွေ့လုပ်ငန်းခွင်မှာ ‘အလုပ်သင်’လုပ်သားတွေ မထည့်မနေရလို့ သတ်မှတ်တာ
» လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို ‘အမျိုးသားစီမံချက်’တွေအနေနဲ့ သတ်မှတ် အကောင်အ ထည်ဖေါ်ဖို့ မဖြစ်မနေ လိုအပ်ပါမယ်။
ဒီစာဟာ ထပ်ဖြည့်စရာတွေ အများကြီးလိုနေသေးသလို သဘောမတူသူတွေ အများကြီးရှိနိုင်တဲ့ လက်ဆင့်ကမ်း အကြံပြုစာတစ်စောင်ပါ။ ဒါပေမယ့် နောင်အနှစ် ၂၀ လောက်ကြာမှ “ဟာ ဟုတ်သားပဲ”လို့တော့ မဖြစ်စေချင်ပါ။ ထုတ်နှုတ်ထားတဲ့ ဒေါက်တိုင် ၃ခုကို ထပ်ဆောင်းဖြည့်စွက်မှုတွေနဲ့အတူ လက်တွေ့ကျတဲ့
» မဟာဗျူဟာပိုင်း
» လည်ပတ်မှု ယန္တရားပိုင်း
» အသေးစိတ် နည်းဗျူဟာပိုင်းတွေဟာ အခု စာဖတ်သူတွေဆီက စီးဆင်းလာရမှာပါ။
နိဂုံးချုပ်အနေနဲ့ ပိုကောင်းတဲ့ အနာဂတ်ကို ငတ်မွတ်တောင့်တတဲ့ ကရင်လူမျိုးတိုင်းနဲ့ အခြားတိုးတက်လိုသူ ဘယ်သူကိုမဆို ဒီနေရာကနေ အသိပေးဆန္ဒပြုရင်း အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းနှုတ်ခွန်းဆက်လိုက်ပါရစေ။
မှတ်ချက် # ဤဆောင်းပါးပါ ရေးသားချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။







