ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စပေး

ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စပေး

အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို မေလ ၂၇ ရက်နေ့မှာ ၁၀ စီးစီ အုပ်စုလိုက် ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ ကားသမားတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကားသမားတစ်ဦးရဲ့ ပြောကြားချက်အရ မနက် ၁၀ နာရီလောက်ကစပြီး ကားတွေကို တစ်ကြိမ်လျှင် ၁၀ စီးစီ အုပ်စုလိုက် စတင်လွှတ်ပေးခဲ့ပြီး လမ်းပိုင်းအခြေအနေကို ကြည့်ကာ တဖြည်းဖြည်း ဖြတ်သန်းခွင့် ပေးနေတယ်လို့ သိရပါတယ်။

“အမှန်ပဲ။ ဟုတ်၊ ကျနော်တို့ကားတွေ ပွင့်သွားပါပြီ။ ဒီနေ့မနက် ၁၀ နာရီလောက်ကနေစပြီး ၁၀ စီးချင်း လွှတ်ပေးတယ်။ ၃ နာရီလောက်ကပဲ တချို့ကားတွေ နန့်စီးအောင် ရောက်တယ်ဗျ”လို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀၊ ၂၁ ရက်နေ့တွေမှာ မန္တလေးမြို့ကနေ ကချင်ပြည်နယ်ကို ဦးတည်ထွက်ခွာလာတဲ့ ခရီးသွားကားတွေဟာ ကသာ၊ အင်းတော်နဲ့ မော်လူး၊ မော်ဟန်၊ နန့်စီးအောင်တစ်ဝိုက်က တိုက်ပွဲတွေကြောင့် ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့ပေါ်တွေမှာ ခေတ္တ ခရီးတန့်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကားသမားတွေအသုံးပြုနေတဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ထီးချိုင့်–ကသာလမ်းပိုင်းကို တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က လုံခြုံမှု မရှိသေးတာကြောင့်ဆိုကာ အပြန်အလှန် ဖြတ်သန်းခွင့် ပိတ်ခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာတော့ ကသာနဲ့ အင်းတော်မြို့ကြား တိုက်ပွဲအခြေအနေ တစ်စိတ်တစ်ပိုင်း ငြိမ်သက်လာတာကြောင့် ယာယီ ဖြတ်သန်းခွင့် ပေးထားတဲ့သဘော ဖြစ်နိုင်တယ်လို့ စစ်ကိုင်း–ကချင်အစပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ကသာထဲက ကားတွေကို ဖွင့်ပေးတာ။ ကသာနဲ့ အင်းတော်ကြားက လမ်းမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ သွားမရဘူးလေ။ အခုက နည်းနည်းပြန်ငြိမ်သွားလို့ ပေးသွားတာထင်တယ်”လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ပိတ်မိနေသူအများစုဟာ ထီးချိုင့်–ကသာလမ်းပိုင်းတစ်လျှောက် တိုက်ပွဲနဲ့ လွတ်ကင်းတဲ့နေရာတွေ၊ ကသာမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေခဲ့ကြပြီး လမ်းပွင့်မယ့် အခြေအနေကို စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာဉ်တန်းတွေကို အစုလိုက်အပြုံလိုက် တဖြည်းဖြည်း လွှတ်ပေးနေတဲ့ အခြေအနေဖြစ်ပေမယ့် ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင် လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားခြင်း မရှိသေးဘဲ လုံခြုံရေးအခြေအနေအလိုက် ကန့်သတ်မှုတွေ ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် လမ်းပိုင်းအခြေအနေဟာ အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားခြင်း မဟုတ်သေးဘဲ ပိတ်မိနေတဲ့ကားတွေကို အချိန်ပိုင်း၊ အစုလိုက် တဖြည်းဖြည်းစနစ်နဲ့သာ ဖြတ်သန်းနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...