စစ်အုပ်စုအင်အားပြနေသည့် မြဝတီတွင် KNA တပ်ဖွဲ့ဝင်အချို့ BGF ဘက်တံဆိပ်ပြန်တပ်

စစ်အုပ်စုအင်အားပြနေသည့် မြဝတီတွင် KNA တပ်ဖွဲ့ဝင်အချို့ BGF ဘက်တံဆိပ်ပြန်တပ်

စစ်အုပ်စုတပ်များ အင်အားပြလာနေသည့် မြဝတီမြို့တွင် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့ဝင်တချို့သည် ဘက်တံဆိပ်ဖြုတ်၍ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဘက်တံဆိပ်သို့ ပြောင်းလဲတပ်ဆင်ပြီး နဂိုမူလနေရာများ၌ ပြန်လည်နေထိုင်ကြသည်ဟု ခိုင်မာသည့် ကရင်စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့ကစတင်ပြီး နှစ်နှင့်ချီပြင်ဆင်လာသော BGF မှ KNA တပ်ဖွဲ့အသွင်ပြောင်းမှုကို KNA ဘက်တံဆိပ်ပြောင်းတပ်ခြင်းဖြင့် တရားဝင်စတင်လိုက်သည်။ 

တပ်နယ်အားလုံး ပြောင်းလဲတပ် ဆင်ခြင်းမဟုတ်ဘဲ မြဝတီမြို့တွင်း နဂိုမူရင်းတပ်စွဲထားသည့်နေရာတွင်လည်း ဟန်မပျက် ဆက်လက်နေထိုင်ကြသည်ဟု ထိုစဥ်က မြို့တွင်းရှိ ကေအိုင်စီ သတင်းအရင်းအမြစ်များက ဆိုသည်။

နောက်ပိုင်း မြဝတီမြို့သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များပို့ဆောင်မှု ခပ်စိတ်စိတ်ဖြစ်လာပြီး မြို့တွင်း အင်အားပြ သည့်အနေအထားထိရှိလာသည်။ 

ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းကလည်း ဖားအံမြို့နယ်၊ အိန္ဒုစံပြ ကျေးရွာကိုဖြတ်ပြီး စစ်အုပ်စု မော်တော်ယာဥ်တန်းအစီး(၃၀) ကျော်သည် ကျုံဒိုး-ကော့ကရိတ်ဘက်ကို တက်လာနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

ထိုအခြေအနေကြောင့် KNA ဘက်တံဆိပ်တပ်ဆင်ပြီးသည့် အချို့တပ်ဖွဲ့ ဝင်များသည် BGF ဘက်တံဆိပ်ပြန်ပြောင်းတပ်၍ ဝင်ထွက်သွားလာနေကြရသည်ဟု အမည်မဖော်လိုသည့် BGFနှင့်နီးစပ်သူက ပြောသည်။

“မြဝတီမှာ KNA တံဆိပ်ဖြုတ်ပြီး BGF တံဆိပ်ပြန်တပ်နေနေတဲ့ တော်တော်များများက နဂိုအခြေအနေအတိုင်းပဲ။ အပြင်ထွက်တဲ့လူနဲ့၊ မြို့ထဲနေတဲ့သူနဲ့။ ဒီမှာနေတဲ့သူတွေကလည်း အဆင်ပြေသလိုနေကြတာပဲ။ KNA အပေါ် မျှော်လင့်ကြပေမယ့် သူတို့အိမ်၊ သူတို့ လုပ်ငန်းအားလုံးက ဒီမှာရှိနေတော့ စစ်တပ်ကို ပြန်တိုက်ဖို့ကတော့ နည်းမယ်ထင်တယ်” ဟု အမည်မဖော်လိုသူ ထိပ်တန်းကရင်စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ပြီးခဲ့သည် ဇန်နဝါရီ(၁၉)ရက်နေ့က အာဏာသိမ်းစစ်တပ် တပ်မ(၂၂)တပ်မမှူးနှင့် လက်နက်ကိုင်အဖွဲ့၏ ဆက်ဆံရေးရုံးများနှင့်တွေ့ဆုံမှုတွင်လည်း KNA ဘက်တံဆိပ်ပြောင်းတပ်ထားသူများအား ဇန်နဝါရီလ ၂၅ရက်နေ့ တွင် နောက်ဆုံးထားပြီး မြို့မှထွက်ခွာကြရန် စစ်အုပ်စုက ညွှန်ကြားစာထုတ်ခဲ့သေးသည်။

ထိုစာထွက်ပြီးသည်အထိ KNA တပ်ဖွဲ့ဝင်အများစုမြို့အတွင်း ဆက်ရှိနေကြသော်လည်း စစ်တပ်အင် အားပြပြီး နောက်တွင်မူ ဘက်တံဆိပ်ပြောင်းခြင်း (သို့မဟုတ်) ဘက်တံဆိပ်မပါဘဲသွားလာခြင်းဖြင့် အနည်းနှင့်အများမြို့ထဲဆက်ရှိနေသည်ဟု မြို့ခံများကဆိုသည်။

“၂၈ ရက်နေ့လောက်ကတော့ KNA တချို့မြို့ပြင်ထွက်ပြီး တချို့က ကျန်နေတယ်။ အဲဒီလူတွေကဘာ ဘက်တံ ဆိပ်မှမဝတ်တာလည်းရှိတယ်၊ တချို့ကလည်း BGF ဘက်တံဆိပ်ပဲပြန်ဝတ်တယ်။ စစ်တပ်လာတာ ဟိုး ၂၁ ရက်နေ့လောက်ကတည်းက ခလရ (၂၇၅) မှာနေနေကြပြီး‌ နေ့ဘက်အပြင်မထွက်တာပဲရှိတယ်။ ခုရက်ပိုင်းလည်း တော်တော်များတယ် ရောက်လာတာ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

စစ်အုပ်စု အင်အားပြလာသော်လည်း မြို့တွင်းရှိနေသည့်အခြားလက်နက်ကိုင်များ မိမိတို့နယ်မြေများတွင် ဆက်၍ နေထိုင်ကြသည်။ သို့သော် မြဝတီတွင် စစ်ရိပ်သန်းနေပြီဆိုသည့်သတင်းများကြောင့် အချို့ထိုင်း ဘက်ကိုရွှေ့ပြောင်းကြသလို အချို့လည်းသတိဖြင့်စောင့်ကြည့်နေထိုင်ကြသည်ဟု မြဝတီမြို့ခံတို့က ဆိုသည်။

မြဝတီမြို့သည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အချက်အချာကျသည့်မြို့ဖြစ်သည်။ မြို့အတွင်းတွင် စစ်အုပ်စုအုပ်ချုပ်ရေးလုပ်ငန်းများရှိသော်လည်း ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA နှင့် နယ်ခြားစောင့်တပ်-BGF တို့က နှစ်ပေါင်းများစွာ လုံခြုံရေးယူထားသည့်နယ်မြေလည်း ဖြစ်သည်။

January 30, 2026
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း...
January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...