KNPP ဦးဆောင်မှုအသစ်တွင် အမျိုးသမီးများနှင့် လူငယ်များ နေရာပိုရလာ

KNPP ဦးဆောင်မှုအသစ်တွင် အမျိုးသမီးများနှင့် လူငယ်များ နေရာပိုရလာ

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့် အမျိုးသမီးခေါင်းဆောင်များကို နေရာပေးလိုက်ပြီး ဖက်ဒရယ်ခရီးစဉ်သစ်ကို အရှိန်မြှင့်မည်ဟု ပြောဆိုလိုက်သည်။

KNPP ၏ (၁၅) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပါတီ၏ ခေါင်းဆောင်မှုပိုင်းကို အသစ်ပြန်လည် ရွေးချယ် တင်မြှောက်ခဲ့ရာ ဗဟိုကော်မတီဝင်များထဲ၌ အမျိုးသမီးနှင့် လူငယ်များ သိသိသာသာ ပိုမိုပါဝင်လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကရင်နီပြည်၊ ဆီဘာရားမြို့နယ်၊ တလဲဒူဆီတွင် ကျင်းပခဲ့ သည့် အဆိုပါကွန်ဂရက်၌ ဗဟိုကော်မတီဝင် ၃၀ ဦးကို အတည်ပြုခဲ့ပြီး ယင်းအနက် ၈ ဦးမှာ အမျိုးသမီးများ ဖြစ်ကြကာ ၅ ဦးမှာ အသက် ၃၅ နှစ်အောက် လူငယ်များ ဖြစ်ကြသည်။

အထူးသဖြင့် အရံဗဟိုကော်မတီဝင် ၁၂ ဦးအနက် ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်လာခြင်းက KNPP ၏ ထူးခြားသော ခေါင်းဆောင်မှုအပြောင်းအလဲပင် ဖြစ်သည်။

ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်နှင့် အမျိုးသမီးများ၏ ဦးဆောင်မှု ကို ပိုမိုနေရာပေးရန် ရည်မှန်းထားကြောင်း KNPP ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြော သည်။

၎င်းက “ဒီကွန်ဂရက်မှာ လူငယ်တွေ အများကြီး ပါလာကြတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ပါတီ အရံဗဟို ကော်မတီဝင် ၁၂ ယောက်လုံးက ဒါ့အပြင် ၅၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်တယ်ပေါ့နော်။ ဒီကွန်ရက်မှာ တော့ အမျိုးသမီးတွေက ခေါင်းဆောင်မှုနေရာတွေ အများကြီး ရထားတာပေါ့နော်” ဟု ပြောသည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခူထဲဘူး၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က ဆက်လက်ဦးဆောင်သွားမည်ဖြစ်သည်။

ထူးခြားချက်အနေဖြင့် ဒုဥက္ကဋ္ဌဖြစ်သူ ခူထဲဘူးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်တွင် တရားဝင်နုတ်ထွက်ခဲ့ပြီး ပြည်နယ်အတွင်းရေးရာများကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းနုတ်ထွက်မှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းမြင့်က “ခူးထဲဘူးက NUG မှာ ဒုဝန်ကြီးအဖြစ် ပါဝင်ဖို့အတွက် ကရင်နီပြည် အတိုင်ပင်ခံကောင်စီကနေမှ စေလွှတ်လိုက်တာဖြစ်တယ်။ သူကနေပြီးမှ ပြည်တွင်းရေးကိုပဲ အာရုံစိုက် လုပ်နိုင်ရန်အတွက်ဆိုပြီးတော့ ပြောလာတဲ့အတွက် KSCC ကပဲ ပြန်ပြီးတော့မှ NUG ကနေ သူ့ကို ပြန်ခေါ်ယူလိုက်တာပဲ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ NUG မှာ ပါဝင်နေတဲ့လူတွေက ကျနော်တို့ အဖွဲ့အစည်း ကိုယ်စားပြုတယ်လို့ မဟုတ်ဘူး။ ကျနော်တို့ ပြည်နယ် ကိုယ်စားပြု အနေနဲ့ သွားပါတာဖြစ်တယ်” ဟု ပြော သည်။

KNPP သည် အောက်ခြေမှ အထက်သို့ တည်ဆောက်သည့် ဖက်ဒရယ်စနစ် (Bottom-up Federalism) ကို ကျင့်သုံးကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့် အသွင်ကူးပြောင်းရေးကာလ တစ်လျှောက်လုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဦးအောင်ဆန်းမြင့်က “ကျနော်တို့ကတော့ ကျနော်တို့ ပြည်နယ်အားကောင်းရေး၊ စည်းလုံးညီညွတ်ရေး ဒီထက်ပိုပြီးမှ တည်ဆောက်သွားပြီးမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အစွမ်းကုန် ကြိုးစားသွားမယ်။ ဒါ့အပြင် ကျနော်တို့ တခြားသော ပြည်နယ် ဖက်ဒရယ်ယူနစ်တွေနဲ့ ပူးပေါင်းပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မူဝါဒတွေ ချမှတ်ရေးဆွဲသွားမယ်။ နောက်ပြီးမှ ဒါကိုလည်း အကောင် အထည်ဖော်သွားဖို့လည်း ရည်ရွယ်ချက်တွေ ရှိပါတယ်” ဟု ဆက် ပြောသည်။

၁၉၅၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KNPP သည် နွေဦးတော်လှန်ရေးတွင် အစောဆုံး ပါဝင်လာခဲ့သည့်အပြင် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့ကို ဦးဆောင်ဖွဲ့စည်းကာ ပြည်နယ်အဆင့် အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ ဖော်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

Most read this week

January 29, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို စစ်ကော်မရှင် စစ်ကြောင်းက...
January 27, 2026
ကျေးရွာအများစု ချန်လှပ်ခံရသည့် ရှမ်းမြောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည်...
January 26, 2026
ရှမ်းပြည် တောင်ပိုင်း၊ ရပ်စောက်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် များတွင် လမ်းကြေး အဆမတန်...
ဓာတ်ပုံ – Mari Alkatiri
January 24, 2026
ချင်းပြည် အတွင်း ကျူးလွန်ခံသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်များကို အရှေ့တီမောတရားရုံး၌...