ဒီးမော့ဆိုအနောက်ခြမ်းမှာ ကလေးသူငယ်များ စုပေါင်း အမှိုက်ကောက်

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကလေးသူငယ်များ စုပေါင်း အမှိုက်ကောက်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department – LPD ) ကလေးသူငယ်အဖွဲ့က ဦးဆောင်ပြီး ဝါဘန်းပလိုကျေးရွာနဲ့ ရွာအနီးအနားတဝိုက်ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စုပေါင်းအမှိုက်ကောက်ခဲ့ကြပါတယ်။

"လတိုင်း ညီမတို့ အမှိုက်လိုက်ကောက်လေ့ရှိတယ်။ ဒီနေ့မှာလဲ ညီမတို့က (၁၁) မိုင်ကုန်းထိကောက်တယ် ပ‌ဆေးလာကုန်းထိ ကောက်တယ်။ ဘာလို့ဆိုတော့ ညီမတို့ရဲ့ပတ်ဝန်းကျင်ကို လှပစေချင်တယ်။ သန့်ရှင်းစေချင်တယ်ပေါ့နော်။ အခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းမိုးနေတဲ့ ပလတ်စတစ်ကို လျှော့ချစေချင်တယ်။ အဲ့ဒီရည်ရွယ်ချက်လဲပါတယ်။ ပြီးတော့ ညီမတို့ အသင်းအဖွဲ့ကနေပြီး ညီမတို့ တတ်နိုင်တဲ့ ကဏ္ဍဖက်ကနေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တယ်။" လို့ LDP ရဲ့ စည်းရုံးရေးမှုး မမေဘီဝင်းက ပြောပါတယ်။

အခုတကြိမ် အမှိုက်လိုက်ကောက်တာဟာ (၂၅) ကြိမ်မြောက်ဖြစ်ပြီး ကျေးရွာနဲ့ ရွာအနီးနား တဝိုက် စည်ပင်သာယာဖို့နဲ့ အမှိုက်ကင်းစင်ဖို့ တစ်လတခါ ပုံမှန်အမှိုက်ကောက်လေ့ရှိတယ်လို့ သူမက ဆက်ပြောပြပါတယ်။

ရပ်ရွာ စည်ပင်သာယာဖို့အတွက် ကျောင်းနေကလေးတွေနဲ့ စုဖွဲ့ ဦးဆောင်မှုဟာ အစောပိုင်းမှာတော့ အခက်ခဲ၊ စိန်ခေါ်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်ရွာထဲက တာဝန်ရှိသူတွေရဲ့ ယုံကြည်မှုကို တဖြည်းဖြည်းရရှိလာကြတယ်လို့ LPD ရဲ့ စည်းရုံးရေးမှုး မမေဘီဝင်းက ခုလို ဆက်ပြောပြပါတယ်။

"ကားရှာရတာအဆင်မပြေတာတို့၊ မိုးရာသီမှာဆိုတော့ သွားရလာရ အဆင်မပြေတာမျိုးတွေရှိဖူးတယ်။ စစလုပ်တဲ့အချိန်မှာတော့ ဘယ်အလုပ်မဆို စိန်ခေါ်မှုတွေတော့ရှိတယ်။ တချို့လူတွေက အ‌ကောင်းမြင်ချင်မြင်မယ်။ တချို့လူတွေကျတော့ အဆိုးမြင်ချင်မြင်မယ်။ ဒါပေမဲ့ ညီမတို့ကတော့ အကောင်းဆုံးလုပ်သွားတယ်။ ညီမတို့လုပ်တဲ့အပေါ်မှာလည်း ညီမတို့ ပီတိဖြစ်တယ်။ကလေးဖြစ်ပေမဲ့လည်း ဒီလောက်ထိ လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ဂုဏ်ယူ‌တယ်ပေါ့နော်" လို့ သူက ဆိုပါတယ်။

ဝါဘန်းပလို ( LPD )အဖွဲ့ဟာ ၂၀၂၃ ခုနှစ်ကစပြီး ရပ်ရွာသန့်ရှင်းရေးအတွက် အမှိုက်ကောက်တာအပြင် ရပ်ရွာစည်ပင်သာယာရေးတွေကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ LDP အဖွဲ့ကို ကျောင်းနေအရွယ်ကလေးတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ စုဖွဲ့ထားတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ လူဦးရေ များပြားလာတာနဲ့အမျှ အမှိုက်ထွက်နှုန်းကလည်း ပိုမို များပြားလာတယ်လို့ ဆိုပါတယ်။ 

ဒီးမော့ဆိုအနောက်ခြမ်းမှာ ရပ်ရွာအလိုက် အခုလို မိမိပတ်ဝန်းကျင် ရပ်ရွာသန့်ရှင်းရေးအတွက် ပရဟိတလုပ်ဆောင်ကြတဲ့ လူငယ်တွေ (၅) ဖွဲ့ ထက်မနည်းရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ငွေကြေးအရသော်လည်းကောင်း၊ အားပေးထောက်ခံမှုအားနည်းလာတာကြောင့် ပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်တဲ့သူတွေ နည်းပါးလာတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...