ရန်ကုန်တွင် ၁ နှစ်အတွင်း အရပ်သား ၂,၀၀၀ ကျော် စစ်ကော်မရှင်ကဖမ်းဆီးဟုဆို

ရန်ကုန်တွင် ၁ နှစ်အတွင်း အရပ်သား ၂,၀၀၀ ကျော် စစ်ကော်မရှင်ကဖမ်းဆီးဟုဆို
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)

ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို စစ်ကော်မရှင်က မတရားဖမ်းဆီးထားကြောင်း ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့( Rangoon Scout Network-RSN) ၏စာရင်းအရ သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသူ ၂,၀၃၅ ဦးအနက် ၂၈၂ ဦးကိုမူ စစ်ကော်မရှင်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်းသိရပြီး ၂၉၄ ဦးကို အကျဉ်းထောင်များနှင့် စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ကျန် ၁,၄၅၉ ဦး၏ ဖမ်းဆီးခံရသည့် နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးကြောင်း RSN က ဆိုသည်။

စာရင်းဇယားအရ ၂၀၂၅ ခုနှစ် နှစ်အစပိုင်းက ဖမ်းဆီးမှုအမြင့်ဆုံးဖြစ်ပြီး မြို့နယ်အလိုက်ဆိုလျှင် သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ အင်းစိန်တို့က ကျန်မြို့နယ်များထက် ဖမ်းဆီးခံရသူဦးရေ ပိုများသည်ဟု သိရသည်။

မြင်တွေ့သမျှရမ်းပြီး လိုက်လံဖမ်းဆီးခံခဲ့ရသူ ၈၄၀ ဦး၊ လမ်းမပေါ် သွားလာနေစဉ် ဆွဲခေါ်ဖမ်းဆီးခံရသူ ၅၉၇ ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၇၂ ဦး၊ ဆိုင်ထိုင်နေစဉ် ဝင်ဖမ်းဆီးခံရသူ ၆၂ ဦးနှင့် ကားထဲထိုင်နေစဉ် ဖမ်းဆီးခံရသူ ကိုးဦးတို့ဖြစ်သည်။

ကျန်ဦးရေမှာ ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးခံရခြင်း၊ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရခြင်း စသည့်အကြောင်းများဖြင့် ဖမ်းဆီးခံရသူများဖြစ်သည်။

ထို့အပြင် စစ်မှုထမ်းသင်တန်းကျောင်းပို့ရန်အတွက် ဖမ်းသည်ဟု ပြန်လည်သိရှိရသည်မှာ ၃၉၃ ဦးတွင် ၁၇၇ ဦးမှာ စစ်သင်တန်းကျောင်းများသို့ ပို့ခံလိုက်ရပြီး ပိုက်ဆံဖြင့် ရွေးယူလိုက်နိုင်၍ ပြန်လွတ်လာခဲ့သူ ၂၉ ဦးနှင့် အခြား ၁၈၂ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးကြောင်း RSN က ဆိုသည်။

"ညဘက်တွေနဲ့ လူပြတ်တဲ့နေရာတွေမှာ တယောက်စ နှစ်ယောက်စ သွားလာတာမျိုး မလုပ်ဖို့၊ ညဘက် လမ်းဘေးထိုင်နေတာတွေကိုလည်း ရှောင်ဖို့မှာချင်ပါတယ်ဗျ။ ကိုယ်နေတဲ့ရပ်ကွက်ထဲလည်း အမြဲနားစွင့်ထားပြီး စစ်မှုထမ်းကိစ္စသတင်းကြားတာနဲ့ ယာယီရှောင်လို့ရအောင် အဆင်သင့်လုပ်ထားကြပါလို့ပါ ပြောချင်ပါတယ်"ဟု RSN မှတာဝန်ရှိသူတဦးက အကြံပြုသည်။

ရန်ကုန်မြို့တွင် ဓားပြတိုက်မှု၊ မူးယစ်ဆေးမှု၊ လောင်းကစားမှု၊ လိမ်လည်မှု စသည့်ကိစ္စများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်းရှိသော်လည်း ၎င်းတို့ကိုမူ အထက်ဖော်ပြပါ မတရားဖမ်းဆီးခံရသူများစာရင်းတွင် ထည့်သွင်းတွက်ချက်ခြင်း မပြုထားကြောင်း သိရသည်။

"လူ့အခွင့်အရေးလို့ ဆိုလိုက်တာနဲ့ Freedom from Fear၊ Freedom from Wantsဆိုတာ တပါတည်း တွဲပါလာပဲ။အချုပ်ကတော့ ကြောက်ရွံခြင်းမှကင်းဝေးခြင်းပါပဲ။ ဆိုလိုတာကတော့ လူသားတစ်ယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မည်သူတဦးတယောက်ကမှ လာရောက်စော်ကားခွင့်မရှိဘူး၊ မကြောက်ရွံ့ရဘဲ လုံခြုံစိတ်ချစွာနေနိုင်ရမယ်။ ဒီလိုနေထိုင်လို့ရရဲ့လား။ နေနိုင်ပြီဆို လူ့အခွင့်အရေးရှိပြီ၊ မနေနိုင်ရင် မရှိဘူး"ဟု မတရားဖမ်းဆီးခံရမှုနှင့်ပက်သက်ပြီး ရန်ကုန်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက မဇ္စျိမသို့ မှတ်ချက်ပေးသည်။

လတ်တလောတွင်လည်း စစ်ကော်မရှင်က တာမွေ၊ သာကေတတို့လို့မြို့နယ်များတွင် ရခိုင်လူမျိုး စစ်ဘေးရှောင်များ၊ ရခိုင်ပြည်နယ်မှတ်ပုံတင် ၁၁ မျဥ်းစောင်း ကိုင်ဆောင်ထားသူများကို ပစ်မှတ်ထား၍ ဧည့်စာရင်းအကြိမ်ကြိမ်စစ်ဆေး၍ မသင်္ကာလျှင် နေအိမ်တအိမ်လုံး မွှေနှောက်ခြင်း၊ဖမ်းဆီးငွေညှစ်ခြင်းများကို လုပ်ဆောင်နေကြောင်း မြို့ခံများ၏အဆိုအရ သိရသည်။

ရွေးကောက်ပွဲနောက်ဆုံးအပိုင်းတွင် ပါဝင်သည့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့က ဧည့်စာရင်းဖြင့် နေထိုင်သူများကို မဲမပျက်မကွက်လာပေးရန် စဉ်ဆက်မပြတ် ဖိအားပေးခြိမ်းခြောက်ခြင်းများရှိကြောင်းလည်း ရန်ကုန်မြို့ခံများ၏အဆိုအရ သိရသည်။

ရန်ကုန်မြို့တွင် စစ်ကော်မရှင်နှင့် ၎င်းတို့လက်အောက်ခံအဖွဲ့များက နေ့စဉ်ဖမ်းဆီးမှုများ အရှိန်မြင့်တင်နေခြင်း၊ ဧည့်စာရင်းများ ခပ်စိပ်စိပ်စစ်ဆေးခြင်း၊ မဲစာရင်းကောက်ခံခြင်း၊ မဲပေးရန်ဖိအားပေးခြင်းများလုပ်ဆောင်နေသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...