တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး စစ်ကော်မရှင်ကြောင့် သေဆုံးဟု BWU ထုတ်ပြန်

တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး စစ်ကော်မရှင်ကြောင့် သေဆုံးဟု BWU ထုတ်ပြန်
AA Info Desk (ပုံဟောင်း)
AA Info Desk (ပုံဟောင်း)

မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် BWU တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏ အကြမ်းဖက်ဖြိုခွင်းမှုများနှင့် တိုက်ပွဲ များကြောင့် အမျိုးသမီး စုစုပေါင်း ၇၉၂ ဦး သေဆုံးခဲ့ရပြီးနောက်၊ ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို အမြန်ဆုံးရပ်တန့်စေရန် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းသို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က တောင်းဆိုလိုက်သည်။

BWU ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ မယဉ်မျိုးလှိုင်က ကျူးလွန်သူများ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေ ခြင်းကို အဆုံးသတ်ရန်နှင့် နိုင်ငံတကာအနေဖြင့် စစ်ကော်မရှင်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်ရန် ယခုကဲ့သို့ ပြောသည်။

“စစ်အုပ်စုက သူတို့ တရားဝင်မှုရဖို့အတွက် အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့နဲ့ နိုင်ငံတကာအသိုင်းအဝန်းက အလုပ်တွေလုပ်တယ်၊ ဆက်သွယ်ဆက်ဆံတယ်ဆိုလို့ရှိရင် ဒါက အကြမ်း ဖက်မှုတွေကို အားပေးရာရောက်တယ်ဆိုတဲ့ အချက်နဲ့ပေါ့နော်။ ကျမတို့က နိုင်ငံတကာအသိုင်းအဝန်းကို သူတို့နဲ့ ဆက်သွယ်ဆက်ဆံမှုတွေ ဆက်မလုပ်ဖို့ တိုက်တွန်းချင်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ တစ်နှစ်တာအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၅၄ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ ဦး အပါအဝင် အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ကာ ၈၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ ထားသည်။ 

သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အမျိုးသမီး ၆၂၁ ဦးအထိ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀၂ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦးနှင့် မြေမြှုပ်မိုင်း၊ မီးရှို့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထောင်တွင်း ဆေးဝါးကုသခွင့် မရရှိမှုတို့ကြောင့် ကျန်ရှိသည့် အမျိုးသမီးများ သေဆုံးခဲ့ရကြောင်း အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

ဒေသအလိုက် သေဆုံးမှုစာရင်းတွင် စစ်ကိုင်းတိုင်းသည် အမျိုးသမီး ၂၁၇ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေး တိုင်းတွင် ၁၂၃ ဦးနှင့် ရခိုင်ပြည်တွင် ၁၁၉ ဦးဖြင့် ဒုတိယနှင့် တတိယ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။ ရှမ်း၊ မကွေး၊ ပဲခူးနှင့် ကရင်နီ (ကယား) ပြည်တို့တွင်လည်း သေဆုံးမှုများ မြင့်တက်နေဆဲ ဖြစ်သည်။

စစ်ကော်မရှင်သည် လူနေရပ်ကွက်များနှင့် အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအပေါ် ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) ကလည်း ရှုတ်ချထားသည်။ 

KHRW ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က “စစ်ကောင်စီက ပြည်သူလူထုတွေ နေတဲ့နေရာတွေ၊ လုပ်ငန်းလုပ်တဲ့ နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာ ပိုများပါတယ်။ ဒီလိုအခြေအနေမှာ ကလေးတွေ အပါအဝင် သေဆုံးမှုတွေ ရှိပါတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီအုပ်စုကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံတကာစစ်ခုံရုံးကို ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပြီး တော့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဗြောင်ကျကျ ဆက်လက် ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည်။ 

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ကော်မရှင်ထံသို့ လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီများ မရောက်ရှိစေရန် တိကျသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန်နှင့် အရပ်သားများကို ပစ်မှတ်ထားသည့် ရက်စက်ကြမ်းကြုတ် မှုများ ရပ်တန့်ရန် ဖိအားပေး လုပ်ဆောင်ပေးကြပါရန် BWU က ထုတ်ပြန် တောင်းဆိုထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...
January 14, 2026
တနင်္သာရီတွင် ရွေးကောက်ပွဲအကြိုနေ့၌ စစ်ကော်မရှင်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ...