စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ တိုက်ခိုက်ခံရပြီး ခရိုင်အရာရှိ အပါအဝင် ဝန်ထမ်းအချို့ သေဆုံးခဲ့သဖြင့် ကျန်ရှိသည့် အပိုင်း (၃) အတွက် ဝန်ထမ်းထုအတွင်း ထိတ်လန့်မှုများ မြင့်တက်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် လုံခြုံရေး အာမခံချက် မရှိသည့်ကြားမှ မဲရုံများ ဖွင့်လှစ်ခဲ့ရာ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုထက် မနည်းတွင် ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အထူးသဖြင့် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် မဲရေတွက်ရန် ပြင်ဆင်နေသည့် ထွေအုပ်ရုံးအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရမှုကြောင့် ခရိုင်ထွေအုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး နေရာမှာတင် သေဆုံးခဲ့ ပြီး အခြားဝန်ထမ်းအချို့လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ထန်းတပင်မြို့နယ်၏ မဲပေးမှုများကို ရပ်ဆိုင်းကာ မဲရုံများ ပိတ်ပစ်ခဲ့ရသည်အထိ အခြေ အနေ ဆိုးရွားခဲ့သည်။ မဲရုံအတွင်း ဗုံးကျပြီး အဆင့်မြင့်အရာရှိများ သေဆုံးလာသည့်အပေါ် ဝန်ထမ်း အသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။
“အစကတော့ မဲစာရင်းလုပ်ရုံပဲဆိုပြီး ဖိအားပေးလို့ ဝန်ထမ်းတွေခမျာ လုပ်ခဲ့ကြရတာ။ အခုတော့ မဲရုံထဲအထိ ဗုံးကျနေပြီဆိုတော့ ဘယ်သူမှ အသက်နဲ့လဲပြီး တာဝန်မယူရဲကြတော့ဘူး။ လုံခြုံရေး အထပ်ထပ် ချပေးမယ်ဆို တာကလည်း စာအုပ်ထဲမှာပဲ ရှိတာ၊ မြေပြင်မှာတော့ ဝန်ထမ်းတွေမှာ ကိုယ့်အသက်ကိုယ် မနည်းလုနေရတဲ့ အခြေအနေဖြစ်နေပြီ။”
လက်ရှိတွင် လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၃) အတွက် စစ်ကော်မရှင် က ပြင်ဆင်နေသော်လည်း ဝန်ထမ်းအများအပြားမှာ တာဝန်မှ ကင်းလွတ်ခွင့်ရရန် ဆေးခွင့်တင်ခြင်း၊ အကြောင်း အမျိုးမျိုးပြ၍ ရှောင်တိမ်းခြင်းများ ပြုလုပ်နေကြသည်။
အချို့ဝန်ထမ်းများမှာ အလုပ်မှ နုတ်ထွက်ပြီး နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ရန်အထိ ပြင်ဆင်နေကြ ကြောင်း ဆိုသည်။
တော်လှန်ရေးအဖွဲ့အစည်းများဘက်ကမူ စစ်ကော်မရှင်သည် ပြည်သူကို ခြိမ်းခြောက်၍ အတင်းအကျပ် မဲထည့် ခိုင်းနေသည့်အပြင် ဝန်ထမ်းများကိုလည်း အသက်ဘေးတွင်းသို့ တွန်းပို့နေခြင်းကြောင့် ယခုကဲ့သို့ ဟန့်တား တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်ဘက်ကမူ တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများကို ထိရောက်စွာ အရေးယူမည်ဟု ထပ်မံ ဖိအား ပေးထားသော်လည်း မြေပြင်စစ်ရေး အခြေအနေများမှာ ပိုမိုပြင်းထန်လာနေသည်။
အပိုင်း (၃) တွင် စစ်ရေးပြင်းထန်သည့် ဒေသများ ပိုမိုပါဝင်လာနိုင်သည့် အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ဝန်ထမ်းများနှင့် စစ်ကော်မရှင်အကြား အကျပ်ရိုက်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနေကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။







