ကျောက်ဖြူ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးသီးရာချီဖြင့် ဗုံးကြဲ

ကျောက်ဖြူ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးသီးရာချီဖြင့် ဗုံးကြဲ

သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးသီးရာချီသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်ရင်းများထံ လက်နက်ကြီးကျည်ကျရောက်ပြီး စစ်‌ကြောင်းများ အသေပျောက်များပြီး အထိနာနေသည့်အတွက် စစ်ကော်မရှင်တပ်က ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့၊ ညပိုင်းတွင် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့ညက ဒရုန်းဗုံးသီးအလုံးအရေအတွက် ရာနဲ့ချီကြဲပြီး အငြိုးနဲ့တိုက်တာ။ အရင်ရက်တွေက တော်တော်အထိနာသွားတယ်။ ရဲတပ်ရင်းနှင့် ဓညဝတီမှာလည်း AA က ပစ်တဲ့လက်နက်ကြီးကျည်ထိတယ်။‌ မြေပြင်မှာလည်း စစ်ကြောင်းတွေ အထိနာတယ်" ဟု ပြောသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကော်မရှင်၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့ မင်းပြင်နှင့် သိုင်းချောင်းကြားတွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"AA ထိန်းချုပ်တဲ့နေရာတွေထိ စစ်ကြောင်းတက်လာလို့ မင်းပြင်နဲ့သိုင်းချောင်းကြားမှာ ဆွဲနေကြတယ်။ တိုက်ပွဲက အတော်ပြင်းနေတယ်။ အထိနာတာလည်း များမယ်ထင်တယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ထဲမှနေ၍ သေနတ်သံများကို သုံးရက်ခန့် မကြားဘဲနေခဲ့ရာမှ ယမန်နေ့ ညအချိန်မှစ၍ သေနတ်ပစ်ခတ်သံများကို ရဲတပ်ရင်း(၃၂)နှင့် သစ်ပုတ်တောင်အပါအဝင် နေရာအချို့မှ ပြန်လည် ကြားလာရသည်ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၀ ရက်ခန့်ကလည်း အမှတ်(၃၂)ရဲတပ်ရင်းသို့ အမှတ်(၁)ဖောင်တောင်မှတဆင့် ကားနှစ်စီးဖြင့် စစ်အင်အားရာနှင့်ချီဖြည့်တင်းခဲ့ပြီး ဓညဝတီရေတပ်ဌာနချုပ်သို့လည်း စက်လှေဘုတ်ကြီး တစ်စီးဖြင့် အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က AA သည် ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ကျောက်ဖြူတွင် AA နှင့် စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားနေသည့်တိုက်ပွဲသည် မင်းပြင်ကျေးရွာအနီးအနားတွင်သာမက သိုင်းချောင်းကျေးရွာအထိ ပြန်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။

February 4, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး...
February 3, 2026
ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ...
February 2, 2026
သဉ္ဇာနွယ် — အကျအဆုံးများနေသည့်ကျောက်ဖြူစစ်မြေပြင်သို့ နောက်ထပ် စစ်ကူအင်အား ၄၀၀ ခန့်ကို...
January 31, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရခိုင်ဒေသခံ ရေလုပ်သား...