အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်ထဲမှာ အာဏာသိမ်း(၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကျုးလွန်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၆၉) ဦးသေဆုံးခဲ့ပြီး မတရားဖမ်းဆီးခံရသူ (၁၉၈) ဦးအထိရှိခဲ့သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) မှ အစီရင်ခံစာထုတ်ပြန်သည်။
ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးသည် အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေ သည့် တိုက်ပွဲများအကြား ဒေသခံပြည်သူများကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသအခြေအနေများ နှင့် အထူးသဖြင့် အမျိုးသမီးများကြုံတွေ့နေရသော အခက်အခဲများတင်ပြထားသည့် ၄ လတစ်ကြိမ်ထုတ်ဝေသော အစီရင်ခံစာကို ဇန်နဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
“ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အနေနဲ့ ကျမတို့ဒေသမှာရှိတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အခြားသောကိစ္စရပ်တွေပတ်သက်ပြီး ဒေသအခြေအနေအမြဲတမ်း (၄)လ တကြိမ် နယ်မြေအခြေအနေတွေကို စောင့် ကြည့်ပြီးမှ အမြဲတမ်းထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက ကူကီးလူမျိုးတွေ နဲ့ ကူကီးဒေသမှာနေထိုင်နေတဲ့ပြည်သူ တွေ လည်း ဘယ်လို ထိခိုက်ခံစားနေရတယ်ဆိုတဲ့ဟာ တစ်ကမ္ဘာလုံးသိအောင် ကျမတို့ကြားခံပြီးမှ လုပ်တာဖြစ်ပါတယ်။ နောက်တခုက နောင်တချိန်ချိန်မှာ တရားမျှတမှုနဲ့ ပတ်သက်ပြီး စကားပြောရတဲ့အချိန်ကျရင် ထိခိုက်ခံစားရတဲ့သူ တွေက ဒီအတိုင်းထိခိုက်ခံစား ရပြီးမှ ပြီးသွားတာမဟုတ်ပဲ ပြန်လည်ကုစားမှုအပိုင်းမှာလည်း ကျမတို့ တရားမျှတမှု တွေလည်း လိုချင်တဲ့ အတွက် အချက်အလက်တွေကောက်တယ်၊ ထုတ်ပြန်တယ် အချက်အလက် သိမ်းဆည်းတာတွေလည်း လုပ်ဆောင်တယ်” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ တာဝန်ရှိသူ မ Boinu က ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ စစ်ရေးပဋိပက္ခကြောင့် ဒေသအတွင်း လူဦးရေ (၂၄,၈၀၀) ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ကြရပြီး စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သတ်ဖြတ် ခြင်းနှင့် ၎င်းတို့လက်အောက်ခံ ပျူစောထီးအဖွဲ့များ၏ မတရားဖမ်းဆီး ရိုက်နှက် သတ်ဖြတ်မှုများအပြင် မြေမြှုပ်မိုင်း များကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူ (၁၆၉) ဦး သေဆုံးခဲ့ရသည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်နှင့် ပျူစောထီးတွေကြောင့် သေဆုံးသူတွေဟာ အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကလေးငယ် ၁၅ နှင့် ကျား/မ အတည်ပြု၍မရသူ ၃၂ ဦးတို့ကြပါတယ်။
ထို့အပြင် အရပ်သားပြည်သူ (၁၄၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မတရားဖမ်းဆီးခံခဲ့ရသူ (၁၉၈)ဦး နှင့် ကျေးရွာပေါင်း (၂၀) မှ လူနေအိမ်နှင့် အဆောက် အဦး ပေါင်း (၁,၀၀၀) ကျော် ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာ (၄) လအတွင်း စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားသတ်ဖြတ်သေဆုံးသူ(၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦး၊ ဖမ်းဆီးခံရသူ (၂၂) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဆောက် အဦး ထိခိုက်ပျက်စီးမှု (၁၀) လုံး နှင့် စစ်ဘေးရှောင် လူဦးရေ (၁,၀၀၀) အထိရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ဘေးရှောင်အများစုသည် အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက်မှာ ခိုလှုံနေကြကာ တချို့မှာ လယ်တောများ၊ စိုက်ခင်းများတွင် နေထိုင်ကြရပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ရေးများ ထိုးနှံခြင်း အပါအဝင် အရေးပေါ်ဆေးဝါးကုသရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများသည် တမူးမြို့အထက်ပိုင်း မြို့သစ်မြို့နယ်နှင့် တမူးအောက်ပိုင်း ခမ်းပတ်မြို့ နယ်အများစုအား ထိန်းချုပ်နိုင်ထားပြီး စစ်ကော်မရှင်တပ်သည် တမူးမြို့ပေါ်ရပ်ကွက်များနှင့် အခြားကျေးရွာအား ထိန်းချုပ်ထားသောကြောင့် လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း သိရသည်။








