မွန်ပြည်နယ်မှာ စစ်တပ်ရွေးကောက်ပွဲ မဲလာပေးသူ ၄၀ ရာခိုင်နှုန်းပင် မပြည့်

မွန်ပြည်နယ်မှာ စစ်တပ်ရွေးကောက်ပွဲ မဲလာပေးသူ ၄၀ ရာခိုင်နှုန်းပင် မပြည့်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂ တို့မှာ မဲလာပေးသူ ၄၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကော်မရှင်ရဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲ အပိုင်း ၁ ဖြစ်တဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ဆန္ဒမဲပေးနိုင်သူ ၆ သိန်းနီးပါး ရှိပြီး အဲဒီထဲမှာ နှစ်သိန်းသုံးသောင်းကျော် မဲလာပေးတာ ဖြစ်ကာ ရာခိုင်နှုန်းအနေနဲ့ ၃၉ ရာခိုင်နှုန်းကျော် ရှိတာပါ။

ရွေးကောက်ပွဲ အပိုင်း ၂ ဖြစ်တဲ့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ဆန္ဒမဲပေးနိုင်သူ ငါးသိန်းကိုးသောင်း ကျော်ရှိပြီး မဲလာပေးသူ နှစ်သိန်းတစ်သောင်း ကျော်ရှိတဲ့အတွက် မဲပေးမှု ရာ ခိုင်နှုန်း ၃၉ ရာခိုင်နှုန်းနီးပါးရှိခဲ့တာ ဖြစ်ပါတယ်။

ရေးမြို့ခံတစ်ဦးကတော့ ရွေးကောက်ပွဲ မဲလာပေးသူ အများစုဟာ မဲလာမပေးရင် စစ်ကော်မရှင်က တစ်ခုခုလုပ်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့လာပေးကြတာ ဖြစ်ပေမယ့် အများစုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကက လာပေးတဲ့သူ တော်တော်များများက မဲလာမပေးရင် တစ်ခုခုပေါ့ဗျာ။ ဆိုးကျိုးတွေ ဖြစ် လာနိုင်လားဆိုတဲ့ စိတ်ပူပန်မှုနဲ့ လာပေးကြတာပေါ့။ တော်တော်များများကတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းကြပါတယ်။ သို့လော သို့လော ပြောဆိုမှုတွေကြောင့် ကြောက်ပြီးစိုးရိမ်ပြီးတော့ လာပေးကြတာ များတယ်။ မဖြစ်မနေ လာပေးဖို့ ပြောတော့ အကုန်လုံး လာပေးကြတဲ့ သဘောရှိတယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ရွေးကောက်ပွဲကို မဖြစ်မနေ မဲလာပေးဖို့ အ သံချဲ့စက်တွေနဲ့ လိုက်လံ နှိုးဆော်တာ၊ လက်အောက်ခံ အုပ်ချုပ်‌ရေးအဖွဲ့တွေက တစ်အိမ်တက် တစ်အိမ်ဆင်း မဲလာပေးဖို့ ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။

ဘီးလင်းမြိုခံတစ်ဦးကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ မဲမထည့်သူ များပေမယ့် မဲသွားထည့်သူတွေဟာ စစ်ကော်မရှင်ရဲ့ ဖိအားပေးမှု အမျိုးမျိုးကြောင့် မဲသွားထည့်ကြတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မဲပေးတယ်ဆိုတာတော့ ဒီလိုပဲ သူတို့ကြောက်လို့ သွားပေးတာ များပါတယ်။ လူထုက ဒီစစ်တပ်ကို ကြောက်နေတာ။ ရွေးကောက်ပွဲ ဥပဒေနဲ့ ခြိမ်းခြောက်တာ ရှိတယ်။နောက်တစ်ခုက မဲမပေးလို့ ရှိရင် သူတို့သားသမီး စစ်မှုထမ်း ဘာညာပေါ့နော်။ အဲဒီလိုဟာမျိုးတွေ ဖိအားပေးတာ ရှိတယ်”လို့ ဆိုပါတယ်။

မဲပေးမှုရာခိုင်နှုန်းအရ မုဒုံမြို့နယ်မှာ ၃၄ ရာခိုင်နှုန်း၊ သထုံမြို့နယ်မှာ ၃၂ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ဖြစ်ခဲ့ပြီး ချောင်းဆုံမြို့နယ်က ၄၄ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲမှာ တစ်နိုင်ငံလုံးအနေနဲ့ မဲပေးမှု ၇၁ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၁ နေရာနဲ့ အများဆုံး အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၇ နေရာနဲ့ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ-MOI

January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...
ဓာတ်ပုံ-MOI
January 12, 2026
မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁...
January 10, 2026
အာဏာသိမ်းမှုကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူသုံးအ...
ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...