လှိုင်းဘွဲမြို့နယ်ရှိ BGF စခန်း နှစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ၆ ဦး ဒဏ်ရာရ၊ ၁ ဦး သေဆုံး

လှိုင်းဘွဲမြို့နယ်ရှိ BGF စခန်း နှစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ၆ ဦး ဒဏ်ရာရ၊ ၁ ဦး သေဆုံး
Photo: BGF
Photo: BGF

ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့် သိုက်တောစခန်းကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်အုပ်စုမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးအပါအဝင် BGF တပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်နေ့) နေ့မွန်းလွဲ (၃) နာရီကျော်တွင် စစ်အုပ်စုမှ လေကြောင်းဖြင့် ပထမအကြိမ် ဗုံး ၂ လုံး ကြဲချပြီးနောက် (၄) နာရီဝန်းကျင်တွင် ဒုတိယအကြိမ်အဖြစ် နောက်ထပ် ဗုံးသီး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကေအဲန်ယူ တပ်မဟာ ၇ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် အသေခံ(ကာမီကာဇေ) ဒရုန်းဖြင့် နှစ်ကြိမ် တပြိုင်နက်နည်း ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါ KNLA တပ်မဟာ (၇) အရာရှိက ဆိုသည်။

၎င်းက “လေယာဉ်နဲ့ ပထမတစ်ခေါက်က ဗုံး (၂) လုံး၊ နောက် ဒုတိယတစ်ခေါက်မှာ (၂) လုံးဆို စုစုပေါင်း (၄) လုံး ကြဲတာ။ အဲဒီ အရပ်သား သုံးယောက်နဲ့ BGF လေးယောက် ထိတယ်။ အဲဒီထဲမှာ တစ်ယောက် သေသွားတယ်” ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

အဆိုပါ ဗုံးကြဲခံရသည့် BGF စခန်းများသည် ကေအဲန်ယူ၏ သတ်မှတ်နယ်မြေအရ ဖားအံခရိုင်/တပ်မဟာ ၇နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိပြီး အစိုးရ၏ သတ်မှတ်ချက်အရ ဖားအံမြို့နယ်အတွင်း ပါဝင်သည်။ စခန်းနှစ်ခုစလုံးသည် KNU တပ်မဟာ (၇) နှင့် တပ်မဟာ (၁) ကြားရှိ သံလွင်မြစ် ကမ်းနံဘေးတွင် အခြေစိုက်ထားခြင်း ဖြစ်သည်။ လေယာဉ် ဗုံးကြဲချချိန်၌ ကမ်းတဖက်နှင့် တဖက် မော်တော်ယာဉ်များကို ကမ်းကူးပို့ဆောင်ရေး လုပ်နေသည့် ဇက်ကူးတို့ပေါ် ကျပြီး အရပ်သား ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“လေယာဉ် လာမပစ်ခင် တောင်ကလေး အမြှောက်တပ်က လက်နက်ကြီးနဲ့ အရင်ပစ်သေးတယ်။ သူ့အသံတွေက အကျယ်ကြီးပဲ ဖားအံမြို့ကနေတောင် ကြားရတယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တပ်မဟာ (၇) နယ်မြေ၌ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ သော်လည်း ထိုင်း-နယ်စပ်ဝန်းကျင်သာ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ပြီး BGF စခန်းကို ယခုလို ဗုံးကြဲတိုက်ခိုက်မှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

ယခုတိုက်ခိုက်ခံရသည့် BGF စခန်းနေရာနှစ်ခုမှာ တပ်နယ် (၂)ကွပ်ကဲမှုအောက်တွင်တည်ရှိပြီး ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ကာ စစ်တပ်လစာ မယူလိုသဖြင့် ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် ဘက်တံဆိပ်ပြောင်း တပ်ထားသည့် တပ်နယ်တစ်ခုဖြစ်သည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းတပ်နယ်မှူးဖြစ်သူ ဗိုလ်မှူးချုပ် စောတင်ဝင်းအား ကေအိုင်စီ က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းရာတွင် ၎င်းအနေဖြင့် ဖြေဆို၍ မအားသေးကြောင်း ပြောသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...