စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့် ဇန်နဝါရီ ၉ ရက်၊ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေ ခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့ အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ယုန်းအောင်အဖွဲ့ကသတိပေးတယ်။ အန်းမိုင်းအဖွဲ့ မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား၊ ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီး သတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ်။ အဲ့မှာတစ်ခါ ထပ်သတိပေးတယ်။ နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး။ ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေ။ သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့ မတိုက်ဘူး။ ပြန်ခေါက်ဖို့ အချိန်ပေးသေးတယ်။ သတိပေးတယ်။ မပြန်တဲ့အပြင် ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။
ပန်ဆောင်မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခမ္မတိုင်ရွာထဲက NSCN-K အန်းမိုင်းအဖွဲ့တပ်စွဲထားတဲ့တည်နေရာကို ဒီကနေ့မနက် ၄ နာရီခွဲအချိန်မှာ NSCN-K ယုန်းအောင်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီး အန်းမိုင်းအဖွဲ့ ဘက်က ၂ ဦးသေဆုံးတဲ့အပြင် နောက်ထပ်သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာ အခြေစိုက်ပြီး လေရှီး၊ လဟယ်ဘက်မှာ အဓိကစိုးမိုးထားတာဖြစ်ပါတယ်။
တဖက်က စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးမယူထားတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကတော့ နာဂဒေသမှာနဂိုကတည်းကရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် နန်းယွန်း၊ ဒုံဟီး၊ ပန်ဆောင်ဒေသတွေမှာ အဓိကစိုးမိုးထားတဲ့အပြင် လေရှီး၊ လဟယ် ဘက်မှာလည်းစိုးမိုးထားကြောင်းသိရပါတယ်။
သို့ပေမယ့် NSCN-K ယုန်းအောင်အဖွဲ့က သူ့ရဲ့အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ဒုံဟီးကနေစပြီးနန်းယွန်း၊ ပန်ဆောင်ဘက်ကိုလုံးဝ မကျူးကျော်လာဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် NSCN-K အန်းမိုင်းအဖွဲ့ဟာ အင်အား ၄၀ ဝန်းကျင်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကျော်မှာ ဒုံဟီး၊ နန်းယွန်းမြို့တွေကိုကျော်လာပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ပေါ်အထိရောက်လာခဲ့ပြီးနောက် ၉ ရက်အကြာမှာ အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။
“သူတို့ရောက်ရောက်ချင်းတော့ပန်ဆောင်မြို့ပေါ်မှာနေတယ်တဲ့။ ဒါပေမယ့် ပန်ဆောင်မြို့ပေါ်မှာလည်း စကစရဲ့မြို့စောင့်တပ်ကရှိနေတယ်။ နှစ်ဖွဲ့ကနေလို့မရဘူး။ ဘေးမှာရှောင်ပြီးနေဖို့ပြောလိုက်တော့ မြို့နဲ့မဝေးတဲ့ ခမ္မတိုင်ရွာမှာသွားနေကြတာ။ အဲ့ချိန်ဒီဘက် ယုန်းအောင်အဖွဲ့က ဝင်တိုက်က နောက်ဘယ်လိုဆက်ဖြစ်မလဲ ပြန်သွားမလားဆက်နေမလားတော့မသိသေးဘူး”လို့သူကပြောပါတယ်။
စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသထဲဝင်ရောက်လာမှုကို ယုန်းအောင်အဖွဲ့က အလိုမရှိသလို ဒေသခံအများစုကလည်း ကန့်ကွက်နေကြောင်း သိရပါတယ်။
“သူတို့ဝင်လာတာ ဘယ်သူမှမကြိုက်ကြဘူး။ ပြည်သူတွေကလည်း မလိုလား။ ယုန်းအောင်အဖွဲ့ကလည်း တားမြစ်ထားတော့ သူတို့ပြန်ဖို့အရပ်ဖက်လူကြီးတွေက ညှိနှိုင်းပေးသေးတယ်။ မရဘူးဆက်နေတော့ အခုလိုဖြစ်ကြတာပဲ”လို့ နောက်ထပ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒေသခံတွေသုံးသပ်ချက်အရ လက်ရှိပန်ဆောင်မြို့ပေါ်ရောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ ပန်ဆောင်ဒေသဘက်မှာ တပ်ထိုင်ထို့ ကနဦးစေလွတ်ခံရတဲ့အဖွဲ့လို့ သိရပါတယ်။
လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော်လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။
တရုတ်–ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနား–ပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာကြောင့် NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသမှာ အခြေချဖို့ကြိုပမ်းနေတာဟာ ဒီအခြေအနေတွေနဲ့ဆက်စပ်နိုင်ကြောင်း ဒေသခံတွေကသုံးသပ်နေကြပါတယ်။
NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။
By – Zaw Zaw







