ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းအထိနာ၍ ဗိုလ်အပါအဝင် ၅၀ ဝန်းကျင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၃၂)ရဲတပ်ရင်းတို့မှ ပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် သစ်ပုတ်တောင်တိုက်နယ် ဒိုးမတောင် ဦးဂင်းဝန်းကျင်၌ AA ၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရ၍ ဗိုလ်အဆင့်အပါအဝင် စစ်ကြောင်းပါအင်အား ထက်ဝက်ခန့်ကျသွားခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီနေ့ဖြစ်တဲ့တိုက်ပွဲမှာ AA ဖက်က ခြုံခိုတိုက်ခိုက်တာ စစ်အင်အားက ၁၀၀ ဝန်းကျင်လောက်ပါတယ်။ ဗိုလ်အဆင့်ပါ စစ်သားတချို့သေတယ်။ စစ်ကြောင်း ထက်ဝက်ပျောက်သွားတယ်" ဟု ပြောသည်။
ယင်းသို့အကျအဆုံးများပြီးနောက် ယနေ့နံနက် ၁၁ နာရီမှစ၍ ဂျက်ဖိုက်တာများဖြင့် တိုက်ပွဲဖြစ်ပွားရာနှင့် နီးစပ်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ပြီး နေဗီများကလည်း လက်နက်ကြီးကျည်များပစ်ခတ်လျက်ရှိသည်ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်က နိရဉ္စရာကို ပြောသည်။
"ဂျက်ဖိုက်တာဝဲပျံတာ ကြားလိုက်တယ်။ ခဏကြာတော့ ဗုံးချသံဆက်တိုက်ကြားတယ်။ ဘယ်နားထိလဲတော့ မသိရသေး။ သစ်ပုတ်တောင်ရေတပ်ကနေလည်း လက်နက်ပစ်တယ်။ ငလပွေ့ချောင်းကနေလည်း ပစ်တယ်"ဟု ပြောသည်။
AA သည် ရခိုင်ပြည်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့အခြေစိုက်ဓညဝတီရေတပ်စခန်းနှင့် ကျောက်ဖြူမြို့၏ အဓိက ခံကတုတ်စစ်စခန်းကြီးတစ်ခုဖြစ်သည့် ရဲတပ်ရင်း (၃၂)ကို ဒရုန်းများအပါအဝင် လက်နက်ကြီးများဖြင့် ယခုရက်ပိုင်းမှစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီဟု သိရသည်။
ကျောက်ဖြူမြို့မြို့ပြင်တွင် တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့် သစ်ပုတ်တောင်တိုက်နယ်အနီးတွင် ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AA က ပြောက်ကျားစနစ်ကိုအခြေခံသည့် နည်းဗျူဟာအသစ်တို့ဖြင့် တိုက်ခိုက်နေသည့်အတွက် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရပြီး အကျအဆုံးများလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ နေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
AA က ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များသည် ဓညဝတီရေတပ်ဌာနချုပ်ထဲမှ လူနေအဆောင် ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ နှင့် ခန်းမတို့တွင်ကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တချို့သေဆုံးကာ ဒဏ်ရာရသွားကြသည်ဟု ဒေသအတွင်းစစ်ရေး ရင်းမြစ်များက ပြောဆိုထားသည်။







