AA နှင့် တိုက်ပွဲဖြစ်နေသည့် ပန်းတောင်းတွင် မဲပေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

AA နှင့် တိုက်ပွဲဖြစ်နေသည့် ပန်းတောင်းတွင် မဲပေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

တိုက်ပွဲများ ဖြစ်ပွားနေသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်တပ်နှင့် လက်တွဲလုပ်မည့်သူကို မဲပေးရန်နှင့် မဲပေးသူ ရာခိုင်နှုန်း များပြားစေရန် လုပ်ဆောင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းသွားသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ပွိုင့်-၆၆၆ စခန်းကုန်း သိမ်းပိုက်ရေးအတွက် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန် ဇန်နဝါရီလ ၈ ရက်နေ့က စစ်ခေါင်းဆောင်သည် ပန်းတောင်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဒေသခံများနှင့် တွေ့ဆုံချိန်တွင် “မဲပေးရာတွင်လည်း စစ်တပ်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် လိုသည်” ဟု ပြောကြားသွားကြောင်း စစ်တပ်ထိန်းချုပ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဆန္ဒမဲပေးရာတွင် ရာခိုင်နှုန်း များပြားစွာ ပေးအပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။ စစ်ခေါင်းဆောင်သည် ပဲခူးတိုင်း၊ ဆင်တဲနှင့် ထုံးဘိုတို့ရှိ နယ်မြေခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) များသို့လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် လက်နက်ထုတ်စက်ရုံများဖြစ်သော ကပစ-၅၊ ကပစ-၆၊ ကပစ-၉ နှင့် ကပစ-၁၆ တို့ တည်ရှိပြီး အဆိုပါ စက်ရုံများ လက်မလွှတ်ရရေး ရုန်းကန်နေရသည်။ အဆိုပါ မြို့နယ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သည့် မြို့နယ်တခု ဖြစ်သည်။

ပန်းတောင်းမြို့နယ်သည် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသည်။ AA နှင့် မဟာမိတ်တပ်များသည် ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက တိုက်ပွဲဖော်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ပွိုင့်-၆၆၆ စခန်းကုန်းမှာ ရခိုင်ရိုးမသို့ တက်ရာတွင် တထောက်နားစခန်း ဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်နေ့က ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဆက်စပ်ဒေသများဖြစ်သည့် ပဲခူးတိုင်း၊ နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၇ ရက်နေ့ကလည်း အထိုင်ချ တပ်စွဲထားသည့် စစ်စခန်းများကို ဒေသခံ တော်လှန်ရေးတပ်များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီက လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းရှိ ၁၂ မြို့နယ် အပါအဝင် မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲ လုပ်မည်ဟု ထုတ်ပြန်ထားသည်။ အပိုင်းလိုက် ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံတဝန်း မြို့နယ် ၃၃၀ အနက် ၆၅ မြို့နယ်တွင် ကျင်းပနိုင်ခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲ လုပ်မည့် မြို့နယ်များထဲတွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄,၀၀၀ နီးပါးကို ချန်လှပ်ထားသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...