စစ်ကောင်စီနှင့်တွေ့ပြီး ပျောက်ဆုံးခဲ့ရသည့် ကျောက်ဖြူဒေသခံ အမျိုးသမီး ၃ ဦး၏ အရိုးစုများ တွေ့ရှိ

စစ်ကောင်စီနှင့်တွေ့ပြီး ပျောက်ဆုံးခဲ့ရသည့် ကျောက်ဖြူဒေသခံ အမျိုးသမီး ၃ ဦး၏ အရိုးစုများ တွေ့ရှိ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာက ပျောက်ဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်း ၃ လောင်းကို စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းအနီး (ဒေသအခေါ်) ကျောက်ဖြူတောင် တောစပ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးများမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအစောပိုင်းက ကျောက်ဖြူတောင်အနီးက ၎င်းတို့ ဉယျာဉ်ခြံသို့ သွားစဉ် စစ်ကောင်စီတပ်သားများနှင့် တွေ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

၃ လကြာပြီးချိန် ၎င်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်က‌ မြေမြှုပ်ထားသည့် အရိုးစုပုံများအဖြစ်နှင့်သာ ဒေသခံများ တွေ့ရှိရခြင်းဖြစ်ကြောင်း ပြောကြသည်။

သေဆုံးသွားသူများမှာ မိသားစုများဖြစ်ကြပြီး ဒေါ်လှသိန်းရွှေနှင့် ဒေါ်အေးအေးသိန်းမှာ သားအမိဖြစ်ကာ မပြည့်စုံဝင်ကို တူမတော်စပ်ကြောင်း သိရသည်။

ဉယျာဉ်သို့ သွားစဉ်တွင် တရွာတည်းနေ အဖော်နှစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦးဖြစ်ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့် တွေ့ပြီး တားမြစ်ခဲ့၍ နှစ်ဦးမှာ ရွာသို့ ပြန်လာခဲ့သော်လည်း ၎င်းတို့ ၃ ဦးမှာ စိုက်ခင်းသို့ အခြားလမ်းကနေ သွားခဲ့ကြခြင်းဖြစ်သည်။

" စိုက်ခင်းအနီးမှာ ကင်းချထားတဲ့ စစ်သားတွေက သူတို့ကို ပြန်သွားကြဖို့ တားမြစ်ခဲ့တယ်။ ဒါကြောင့် အတူပါသွားတဲ့ ၂ ယောက်က ရွာကို ပြန်ရောက်လာကြတယ်။ ဥယျာဉ်ခြံပိုင်ရှင်ဖြစ်တဲ့ သူတို့ ၃ ဦးကတော့ တခြားလမ်းကနေ ခိုးပြီးသွားခဲ့ကြတာလို့ သိရတယ်" ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုတွေ့ရသည့် အရိုးစုများမှာ အုန်းတောကျေးရွာနေ ဒေါ်လှသိန်းရွှေ၊ သမီးဖြစ်သူ ဒေါ်အေးအေးသိန်းနှင့် တူမတော်စပ်သူ မပြည့်စုံဝင်းတို့ဖြစ်ကြသည်။

ဒေါ်လှသိန်းရွှေ (၅၅) နှစ်၊ ဒေါ်အေးအေးသိန်း (၃၁) နှစ်နှင့် မပြည့်စုံဝင်း (၁၃) နှစ်တို့မှာ လက်ရှိတွင် မြေကျင်းထဲ၌ မြှုပ်နှံ့ထားသည့် ရုပ်အလောင်းများအဖြစ်နှင့်သာ တွေ့ရှိရခြင်းဖြစ်သည်။

" သူတို့ကို မြှုပ်ထားတဲ့နေရာကနေ အရိုးစုတွေ ပေါ်လာတာပါ။ ပျောက်ဆုံးနေတဲ့ ၃ ယောက်ဆိုတာကိုတော့ ရွာသားတွေက အတည်ပြုလိုက်ကြပြီ။ ဘယ်လိုပုံစံမျိုးနဲ့ အသတ်ခံရတာလဲဆိုတာကိုတော့ မသိရဘူး" ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အုန်းတောကျေးရွာသည် စစ်ကောင်စီ ထိန်းချုပ်ထားသော နေရာဖြစ်ပြီး အနီးဝန်းကျင်တွင် အမှတ် (၃၂) ရဲတပ်ရင်းအပါအဝင် ကျောက်ဖြူတောင်၊ အုန်းတောတောင်တို့တွင်လည်း စစ်ကောင်စီ စခန်းများ ရှိကြောင်း သိရသည်။

" လူ ၃ ယောက်ကို သတ်ဖြတ်ဖို့ဆိုတာက အုပ်စုဖွဲ့ပြီးမှဘဲ သတ်ဖြတ်လို့ ရမယ်။ ပြီးရင် အဲဒီနေရာ အနီးဝန်းကျင် အားလုံးကို သူတို့ (စစ်ကောင်စီ) တွေ အပြည့်အဝ ထိန်းချုပ်ထားတာ။ အဲဒီနေရာကို သွားရင် အန္တရာယ်ရှိမှာကို သိပေမယ့် ရွာကလူတွေက သူတို့စားဝတ်နေရေးအတွက် သီးနှံတွေခူးဖို့ အရဲစွန့် ပြီးသွားကြတာဖြစ်တယ်" ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ခံများကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားပြီး ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းသဖြင့် တောတောင်ထဲသို့ ဟင်းရှာ၊ ငါးရှားသွားကြသူများလည်း ရှိနေသည်။

DMG က ပြုစုထားသော စာရင်းအရ ကျောက်ဖြူတွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထိ လက်နက်ကြီး/ငယ်၊ လေကြောင်းတိုက်ခိုက်မှုစသည့် စစ်ကောင်စီလက်ချက်ဖြင့် အမျိုးသမီး (၁၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂၆) ဦး ထက်မနည်း ဒဏ်ရာရထားကြောင်း သိရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများအကြား အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပြင် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်၊ လေကြောင်းတိုက်ခိုက်မှု စသည့် အသက်အန္တရာယ် အကြမ်းဖက် ခံရမှုများကို ကြုံတွေ့နေကြရသော်လည်း အကူအညီကင်းမဲ့နေကြောင်း ပြည်တွင်း/ပြည်ပြ အမျိုးသမီး အသိုင်းအဝန်းများက ပြောဆိုထားသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ပေါ်အနီးကို စစ်ကောင်စီ ထိန်းချုပ်ထားသလို မြို့နယ်ကျေးရွာအများစုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားသည်။

Most read this week

ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၀ ကျော်ကို AA ကလွှဲပြောင်းပေးသည့် မြင်ကွင်း။ ဓာတ်ပုံ - APM
February 18, 2026
ရခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်း၍ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၇၃ ဦးကို...
တောတောင်ကိုအမှီပြုလုပ်ကိုင်စားသောက်နေကြရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေး ရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။
February 17, 2026
စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို...
February 16, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများဖြစ်သည့် ကျောက်တော်နှင့် မြောက်ဦးမြို့များကို စစ်ကောင်စီက...
ထင်းခုတ်၍ ပြန်လာကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။
February 16, 2026
ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတော်ကျေးရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ...