စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်

စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်
စစ်တွေမြို့ မီးစက်ကြီးခွဆုံ နေရာအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
စစ်တွေမြို့ မီးစက်ကြီးခွဆုံ နေရာအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရွေးကောက်ပွဲကာလက သေနတ်သံများ ခဏငြိမ်သက်နေခဲ့သည့် စစ်တွေ စစ်မျက်နှာပြင်သည် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ် သေနတ်ပစ်ခတ်သံများ အနီးကပ် ကြားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ စစ်တွေမြို့အနီး အမှတ် ၁၂ ရဲတပ်ရင်းနှင့် လက်ဝဲသလုံးတော်ဓာတ် စေတီတော်ကြီးအနီး စစ်ကောင်စီ တပ်ရင်းတဝိုက်တွင် လက်နက်ကြီးပစ်သံများ၊ စက်သေနတ်ပစ်သံများကို ဆက်တိုက်ကြားနေရခြင်းဖြစ်သည်။

စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “ စစ်တွေမြို့မှာ လက်နက်ကြီးပစ်သံတွေကိုတော့ အရင်ကတည်းက ကြားနေရတယ်။ အခုရက်ပိုင်းဆိုရင် စက်သေနတ်ပစ်သံတွေကိုပါ ဆက်တိုက်ကြားနေရတယ်။ စစ်တွေမှာ ရှိတဲ့ တပ်ရင်းတွေကနေ စက်သေနတ်တွေနဲ့ AA ရှိတဲ့ဘက်ကို လှမ်းပစ်တာတွေ ရှိလာတယ်။ မနက်ကလည်း စက်သေနတ်ပစ်သံ ဆယ်ချက်ကျော်အထိ ကြားလိုက်တယ် ” ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး ယခင်ကလည်း မကြာခဏ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်နေရာများဖြစ်သော စစ်တွေ၊ ဝါဘို၊ မြစ်နား၊ မင်းလှ စသည့် ကျေးရွာများနှင့် ပုဏ္ဏားကျွန်းနယ်စပ်ကျေးရွာများ စပါးထား၊ အောင်မြေကုန်း စသည့်ကျေးရွာများကို ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အတူ အာရက္ခတပ်တော်ကလည်း လက်နက်ကြီးဖြင့် စစ်တွေ၊ ဒကစ အပါဝင် မြို့အနီးက တပ်ရင်းများကို ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ စစ်တွေမြို့အပြင်ဖက်မှာတော့ တိုက်ပွဲတွေ ရှိတယ်လို့ပဲ သိရတယ်။ မြို့ထဲကဆိုတော့ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေကြတယ်ဆိုတာ တိတိကျကျ မသိရဘူး။ ဒါပေမဲ့ အခုတိုက်ပွဲဖြစ်စဉ်တွေက လက်နက်ငယ်သံတွေတောင် ကြားနေရတော့ AA က မြေပြင်ထိုးစစ်လုပ်နေလား ဆိုတာ ပြောရခက်ပါတယ် ” ဟု နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ စစ်တွေမြို့နယ် ဝင်ပေါက် အမြင့်ကျွန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုရှိလာနေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိ စစ်တွေမြို့ထဲတွင် စစ်ကောင်စီသည် စစ်တွေမြို့တည်နှစ် ၂၀၀ ပြည့် အခမ်းအနားပွဲအတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် အကြီးအကျယ် ပြင်ဆင်နေပြီး၊ ပွဲတော်တက်ရောက်ကြရန် အသိပေးဖိတ်ခေါ် နေကြောင်း မြို့ခံများက ပြောသည်။

“ စစ်တွေမှာတော့ စစ်တွေမြို့တည်နှစ် ၂၀၀ ပြည့် ပွဲတော်ကျင်းပဖို့အတွက် စစ်ကောင်စီ စီစဉ်နေတယ်။ ဝင်္ကပါကွင်းမှာ ကျင်းပမှာဖြစ်ပြီးတော့ အဆိုတော်တွေငှားပြီး စတိတ်ရှိုးတွေလုပ်သွားမယ်၊ ကျောင်းသူ/ သားတွေအတွက် အားကစားပြိုင်ပွဲတွေနဲ့ တခြားပြိုင်ပွဲတွေကိုပါ လုပ်သွားမယ့်အကြောင်းကို အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက် အလိုက်လှည့်ပြီး အဲဒီပွဲကိုလာဖို့ ပြောတယ် ” ဟု အထက်ပါ စစ်တွေ ဒေသခံ အမျိုးသမီးက ဆိုသည်။

ထို့အပြင် ရခိုင်ပြည်တွင်း တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကနေ ပိတ်ထားခဲ့သည့် စစ်တွေပွိုင့် ကမ်းခြေကိုလည်း ပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင်စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေဖြစ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များကို လေကြောင်းကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ရခိုင်ပြည်နယ်နေ့ (ဒီဇင်ဘာ ၁၅ )ကလည်း ဝင်္ကပါကွင်း၌ ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ပြီး အခြားတစ်ဖက် စစ်တွေတပ်ရင်းများကနေ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့‌တောင်မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ခဲ့သည်။

စစ်တွေမြို့ကို ခရစ်သက္ကရာဇ် ၁၈၂၆၊ ဇန်နဝါရီ ၁၂ ရက်၌ ဗြိတိသျှ အင်္ဂလိပ်တို့ စတင်တည်ထောင်ခဲ့ပြီး ရခိုင်ပြည်၏ မြို့တော်အဖြစ် လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသည်။

ကျောက်ဖြူစစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PYA
January 7, 2026
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၅ သောင်းကျော် ရှိနေပြီး...
January 7, 2026
ရခိုင်ပြည် စစ်တွေ အခြေစိုက် စစ်ကောင်စီ တပ်စခန်းအချို့ကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA) က...
January 6, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး...
December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...