မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။
သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။
၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သျှမ်းပြည်မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီးနောက် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော ဒေသအသီးသီးတွင် ပြန့်ကျဲနေထိုင်နေရသည့် နေရပ်စွန့်ခွာပြည်သူ ထောင်ပေါင်းများစွာပင် ဖြစ်သည်။
“နေရပ်ပြန်ရမယ်၊ ငြိမ်းချမ်းမယ် ဆိုရင်တော့ ဘယ်သူနိုင်နိုင်ပါ။ အများကြီး မပြောလိုဘူး”ဟု စစ်ဘေးရှောင်တစ်ဦး ဖြစ်သည့် နန်းအေးက ဆိုသည်။
သိန္နီမြို့နယ်မှ ထွက်ပြေးလာပြီး တာချီလိတ်မြို့တွင် တစ်ဦးတည်း ရုန်းကန်နေရသူ နန်းအေး၏ စကားများသည် စစ်ဘေးရှောင်အများစု၏ ခံစားချက်ကို ကိုယ်စားပြုနေသည်။
“စားဝတ်နေရေးအတွက် လုံးပန်းနေရတော့ သတိမထားမိဘူး။ စိတ်လည်း မဝင်စားဘူး” ဟု ရွေးကောက်ပွဲ ရလဒ်ထက် နန်းအေး၏ တစ်ခုတည်းသော ဆန္ဒမှာ နေရပ်ပြန်နိုင်ရေးပင် ဖြစ်သည်။
တာချီလိတ်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် မွန်းလွဲ ၃ နာရီမှ ညသန်းခေါင် ၁၂ နာရီ၊ ၁ နာရီ အထိ စားဖိုမှူးအဖြစ် တာဝန်ယူ လုပ်ကိုင်နေရသူ နန်းအေး အနေဖြင့် နေ့စဉ် အလုပ်ပြီးမြောက်ရန်သာ အခရာကျနေသည်။
ယူနီဆက် (UNICEF) ၏ ၂၀၂၅ ဇူလိုင်လထုတ် အချက်အလက်များအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာပြည်သူ ၃.၅ သန်းအထိ ရှိနေပြီး ထိုအထဲတွင် သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များသည် လက်နက်ကိုင်ပဋိပက္ခနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသူများ ဖြစ်ကြသည်။
သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်ပေါင်း ၅၅ မြို့နယ်အနက် ၃၈ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု စစ်ကော်မရှင်က ကြေညာထားခြင်းသည် စစ်ဘေးရှောင်များအတွက် ကြီးမားသော မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုဒေသမှ စစ်ဘေးရှောင်လာသူများ အနေဖြင့် မိမိတို့၏ ဇာတိမြေကို ကိုယ်စားပြုမည့်သူအား ရွေးချယ်ခွင့် လုံးဝ ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။
သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များအပါအဝင် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်သုတ်ခွဲ ကျင်းပမည့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်နယ်/တိုင်းနှင့် မြို့နယ်အလိုက် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နန်းအေးနှင့်တကွ နိုင်ငံတစ်ဝန်းရှိ နေရပ်စွန့်ခွာပြည်သူ ၃.၅ သန်းအတွက်မူ မဲစာရင်းနှင့် ရွေးကောက်ပွဲစနစ် PR/ FPTP ဆိုင်ရာ နိုင်ငံရေး ငြင်းခုံသံများသည် အလှမ်းဝေးကွာပြီး မသက်ဆိုင်သလို ဆူညံသံ တစ်ခုမျှသာ ဖြစ်နေလေသည်။
“အဓိက နိုင်ငံကို ချစ်ပေမယ့် နိုင်ငံရေး နားမလည်တဲ့ အချိန်ကျ ထည့်မိတဲ့ မဲက မှားသွားမှာလည်း စိုးရိမ်တယ်။ ပြီးရင် ဘယ်သူ့ကို မဲပေးရမလဲ … ငါတို့ ပေးတဲ့ သူက ငါတို့ အိမ်ပြန်ရအောင် လုပ်ပေးမှာလား … နားမလည်ဘူး”ဟု အသည်းကြားက မဲတစ်ပြားအတွက် စိုးရိမ်မှုကို နန်းအေးက ပြောသည်။
ရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့် သျှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ လားရှိုး၊ မူဆယ်၊ တန့်ယန်းနှင့် မိုင်းရယ် မြို့နယ်များတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP)၊ ‘ဝ’ အမျိုးသားပါတီ (WNP) စသည့် နိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
စစ်ဘေးရှောင်များကြားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုများ၊ မသေချာ မရေရာမှုများနှင့် ကြောက်ရွံ့မှုများသာ လွှမ်းမိုးနေသည်။ အချိုးကျကိုယ်စားပြု (PR) စနစ် အသစ်ကြောင့် လားရှိုးမြို့သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေပြီး မဲပေးရန် စိုးရိမ်နေသည့် မနန်းချယ်ရီ၏ စကားက ဤအခြေအနေကို သက်သေခံနေသည်။
“ပတ်ဝန်းကျင်မှာ မဲဆွယ်စည်းရုံသံ သဲ့သဲ့တော့ ကြားမိပေမယ့် အခုထိ မဲစာရင်း နာမည်ပါလား မပါလားလည်း မသိရဘူး။ အခု ရပ်ကွက်ထဲမှာတော့ မဖြစ်မနေ မဲလာပေးရမယ်ဆိုပြီး ပြောနေတယ်။ မပေးရင် တစ်ခုခု လုပ်မယ်ဆိုတဲ့ အကြောင်းလည်း ကြားနေရတော့ သွားပေးဖြစ်မယ်ထင်တယ်၊ ဘာလို့ဆို ကြောက်တယ်လေ”ဟု မနန်းချယ်ရီက ဆိုသည်။
ဤသို့ကြောက်ရွံ့မှုများသည် စစ်ကော်မရှင်က အသစ်ပြဋ္ဌာန်းလိုက်သော “ရွေးကောက်ပွဲနှောင့်ယှက်မှု ကာကွယ်ပေးရေးဥပဒေ”ကြောင့် ပိုမိုဆိုးရွားလာသည်။ အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု ယူဆခံရသူတိုင်းအား ဖမ်းဆီးအရေးယူပြီး ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်မည် ဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့ပေါ် ရပ်ကွက်များတွင် စစ်ဘေးရှောင်များကို ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တဆင့် တစ်ဦးလျှင် ထောက်ပံ့ကြေး ၂ သောင်းကျပ် ပေးအပ်မည်ဟုဆိုကာ စစ်ဘေးရှောင်စာရင်းများကို လွန်ခဲ့သည့် ၂ လကျော်ခန့်ကပင် ကြိုတင်ကောက်ယူခဲ့ကြသည်။
အချို့သော မိသားစုဝင်များပြီး စီးပွားရေး မပြေလည်သူများက နာမည်စာရင်းပေးလိုက်ပြီး ထောက်ပံ့ကြေး ယူခဲ့ကြသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်စာရင်းကောက်ယူမှန်း နောက်မှ သိကြသည်ဟု ဆိုကြသည်။
နေရပ်စွန့်ခွာပြည်သူများသည် ချို့ယွင်းချက်ရှိသော ရွေးချယ်မှု နှစ်ခုနှင့် ရင်ဆိုင်နေရသည်။ ပထမတစ်ခုမှာ ပုံစံ (၁၅) ခေါ် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲပေးခွင့်ရှိသူများ ဖြည့်သွင်းရန် ပုံစံကို အသုံးပြု၍ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် “ကြိုတင်မဲ” ပေးခြင်း ဖြစ်သည်။
ဒုတိယရွေးချယ်မှုမှာ ကြိုတင်မဲပေးရန် မလိုလားပါက ၎င်းတို့ ယာယီခိုလှုံရာ ဒေသရှိ မဲစာရင်းတွင် ပါဝင်ရန် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ (အောက်တိုဘာ ၂၇ ရက် နောက်ဆုံးထား၍) လျှောက်ထားရမည် ဖြစ်သည်။
“ပြန်ချင်တယ်၊ ကိုယ့်အိမ်ကိုယ့်ယာက အကောင်းဆုံးပဲ။ အခုက ရွေးကောက်ပွဲ အခြေအနေကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ။ တစ်ချို့ကလည်း ရွေးကောက်ပွဲ ပြီးလို့ သူတို့နိုင်ရင် စစ်မဖြစ်တော့ဘူးလို့လည်း ပြောကြတယ်။ တစ်ချို့ကလည်း သူတို့ ရှုံးရင် တိုက်ရင် တိုက်ဦးမှာ ဆိုပြီး ပြောကြတယ်”ဟု မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင် ရောက်ရှိသော စစ်ဘေးရှောင် မအေးခမ်းက ပြောသည်။
ဆွေမျိုးများရှိရာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင် တစ်နှစ်ကျော်ကြာ ရောက်ရှိနေသော မအေးခမ်းသည် စီးပွားရေး မပြေလည်မှု၊ နေထိုင်စားရိတ် ကြီးမြင့်မှုတို့ကြောင့် ရွေးကောက်ပွဲ အပြီးကို မျှော်လင့်နေလေသည်။
စစ်ကော်မရှင်သည် နေရပ်စွန့်ခွာပြည်သူများ ထိရောက်စွာ မဲပေးခွင့်မရဘဲ မဲပေးပိုင်ခွင့် ဆုံးရှုံးစေမည့် စနစ်တစ်ခုကို ဖန်တီးထားကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆိုသည်။
စစ်ဘေးရှောင်များ၏ အနာဂတ်အတွက် အရေးမပါသည့် ကိုယ်စားလှယ်လောင်းများအား မဲပေးရမည်ဖြစ်ပြီး၊ မိမိတို့၏ ဇာတိမြေ ပြန်လည်ထူထောင်ရေးအတွက် အသံကို စွန့်လွှတ်လိုက်ရမည် ဖြစ်သည်။ ဤစည်းမျဉ်းများ၏ အဓိက အကျိုးဆက်မှာ နေရပ်စွန့်ခွာ ပြည်သူများ၏ မဲပေးပိုင်ခွင့်ကို ထိရောက်စွာ ပိတ်ပင်လိုက်ခြင်းနှင့် တူညီနေသည်။
International IDEA ၊ အာရှလွတ်လပ်သော ရွေးကောက်ပွဲများကွန်ရက် (ANFREL) ၊ Club de Madrid ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးတို့နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အဓိက ပြည်တွင်းအင်အားစုတို့ကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် တင်းကြပ်သော ဥပဒေများ၊ နိုင်ငံရေးခေါင်းဆောင်များအား အကျဉ်းထောင်များထဲ ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပြင်းထန်သော မီဒီယာထိန်းချုပ်မှုများ အောက်တွင် စစ်မှန်သော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်များသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း ကောက်ချက်ချထားသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ နန်းဝင်းကြည်ကလည်း လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် နိုင်ငံရေး အကြောင်းအရာများကို ပြောဆိုရန်ပင် ဝန်လေးနေကြောင်း ပြောဆိုသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ပြောဆိုတာတွေ မလုပ်ချင်ဘူး။ အခု အခြေအနေက အရာအားလုံး သတိထားနေရတယ်” ဟု ရန်ကုန်ရောက် စစ်ဘေးရှောင် နန်းဝင်းကြည်က ဖွင့်ပြောသည်။
စစ်ရှောင်များသည် အိမ်ရှိရာ နေရပ်ပြန်ခွင့် မရသေးပေမယ့် ၎င်းတို့၏ မဲလက်မှတ်များကို သူစိမ်းနယ်မြေများမှာ အသုံးချရန် စစ်ကော်မရှင်က ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်။ မိမိဒေသ အတွက် လုပ်ဆောင်မည်ဟု ယူဆရသည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခွင့် ဆုံးရှုံးသွားရပြီး သူစိမ်းနယ်မြေမှ မဲပုံးများကို ဖြည့်တင်းပေးရမည့် အဖြည့်ခံ ဧည့်သည်များသာ ဖြစ်လေသည်။
စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအတွက် မဲပုံးများ ပြင်ဆင်နေချိန်တွင် ၎င်းတို့၏ လေတပ်ကမူ ၎င်းတို့ ကိုယ်စားပြုသည်ဟုဆိုသော ပြည်သူများကိုယ်တိုင်ထံသို့ ဗုံးသီးများ ပို့ဆောင်နေသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုက မီးမောင်းထိုးပြနေသည်။ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အစပ်တွင် ထွက်ပြေးတိမ်းရှောင်နေသော နေရပ်စွန့်ခွာ ပြည်သူများကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ဒါဇင် ပေါင်းများစွာ သေဆုံးခဲ့သည်။
“ထည့်ထည့် မထည့်ထည့် ဘာထူးလဲ … ဒီတိုင်းပဲမလား … စစ်မဖြစ်တော့ဘူးလား …” ဟု မန္တလေးမြို့သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေသည့် ပီနန်းထွမ်းက ဆိုသည်။
ဒီဇင်ဘာလ၏ အေးစက်သော နှင်းစက်များအောက်တွင် တုန်ယင်နေသော နေရပ်စွန့်ခွာ ပြည်သူများအတွက်မူ လက်ထဲမှ မဲလက်မှတ်သည် “ရွေးချယ်ခွင့်၏ သင်္ကေတ” မဟုတ်ဘဲ စစ်အုပ်စု၏ နိုင်ငံရေးလုပ်ကြံဇာတ်နှင့် စစ်ရှောင်သူတို့ အသက်လု၍ ရှာဖွေနေရသော အိမ်ပြန်လမ်းကြားရှိ ကြီးမားသော ကွာဟမှုကို ပြသနေသည့် ပြယုဂ်တစ်ခုသာ ဖြစ်သည်။







