မေယုတောင်ကြောတွင် ARSA လှုပ်ရှားမှုများရှိနေ၍ ဒေသခံ မျိုးနွယ်စုများ စိုးရိမ်နေ

မေယုတောင်ကြောတွင် ARSA လှုပ်ရှားမှုများရှိနေ၍ ဒေသခံ မျိုးနွယ်စုများ စိုးရိမ်နေ

အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ARSA လှုပ်ရှားမှုကို တွေ့နေရသဖြင့်  ဒေသခံ  မျိုးနွယ်စုဝင်များမှာ လုံခြုံရေး စိုးရိမ်နေရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ် မေယု(မယူ)တောင်တန်းအနီး ကျေးရွာများနှင့် တောင်ကြောထဲတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ARSA တပ်ဖွဲ့ဝင်များသည် လက်နက်များကိုင်ဆောင်ပြီး လှုပ်ရှားသွားလာနေမှုများကို မကြခဏ တွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

“ကျနော်တို့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ARSA ရန်ကို အလွန်စိုးရိမ်ရပါတယ်။ ကျနော်တို့လို ကုန်သည်တွေဆိုတော့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တော့ ပိုမိုစိုးရိမ်ရတာ ရှိပါတယ်။ အထူးသဖြင့် မျိုးနွယ်စု တိုင်းရင်သားငယ်တွေ ခံရတာများပါတယ်။ သူတို့တွေက တောင်ယာလုပ်ကြတော့ လူပြတ်တဲ့ နေရာတွေကို မကြာခဏ သွားလာကြရတယ် ” ဟု ဘူးသီးတောင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းတောင်ကျော်လမ်းအနီးက မေယုတောင်ကြောထဲတွင်လည်း ARSA တပ်ဖွဲ့ဝင်များမှာ ပေါ်လိုက်ပျောက်လိုက် လှုပ်ရှားသွားလာမှုများကို တွေ့နေရကြောင်း ဘူးသီးတောင်မြို့နယ်က ဒိုင်းနက် (သက္ကမ) အမျိုးသားတစ်ဦးက ပြောသည်။

“ARSA တွေ မကြာခဏ သွားလာကြတာကို တွေ့မြင်ရပါတယ်။ တောတောင်ထဲသွားရင် တစ်ခါတလေတွေ့ ရတာပါ။ နီးနီးကပ်ကပ်တော့ မကြည့်ရဲဘူး။ တပ်တော်ကို အကြောင်းကြားပြီး သွားရှာရင်လည်း အဲဒီနေရာတွေမှာ မရှိကြတော့ဘူး ” ဟု ဘူးသီးတောင်မြို့နယ်က ဒိုင်းနက်(သက္ကမ) အမျိုးသားတစ်ဦးက ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီး၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့် မျိုးနွယ်စုများနေထိုင်ကြပြီး ၎င်းတို့နေထိုင်သည့် ရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အိမ်ခြေ၊ လူဦးရေနည်းပါးသဖြင့် လုံခြုံရေးစိုးရိမ် စရာရှိနေကြောင်း ပြောကြသည်။ 

ယင်းအပြင် အဆိုပါ ဒေသခံများသည် ထိုင်း၊ မလေးရှား၊ တရုတ် စသည့် နိုင်ငံများတွင် အလုပ်လုပ်ကိုင် ရန်သွားနေကြသောကြောင့် တချို့ကျေးရွာများတွင် လူဦးရေ အလွန်ပင်နည်းပါးကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် ပင်လယ်ပြင်နှင့် နတ်မြစ်ကမ်းစပ်နေရာအချို့တွင်လည်း ARSA နှင့် အခြား မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဝင်များမှာ ငါးဖမ်းသမားများ ပုံစံဟန်ဆောင်ကာ လှုပ်ရှားမှုများကိုလည်းတွေ့ရကြောင်း ပြောဆိုကြသည်။ 

“ကြည့်လိုက်တော့ ငါးဖမ်းသမားလို မြင်တွေ့ရပါတယ်။ သာမန်အရပ်သား ငါးဖမ်းသမားတွေလိုပေါ့လေ ဟန်ဆောင်နေကြတာ။ ဘာဖြစ်လို့ဆိုတော့ အေအေတပ်ဖွဲ့ဝင်တွေကိုသတ်တဲ့ အမှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။ တချို့သော လူတွေကလေ့ ငါးဖမ်းသမားအမှန်လေ့ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့လို မျိုးနွယ်စုတွေ ပိုမိုစိုးရိမ်ရတယ် ” ဟု မောင်တောမြို့နယ်က  မြိုအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ငါးဖမ်းသမား အသွင်ဆောင်ထားသူအချို့သည် မောင်တောမြို့နယ်သို့ ငါးခိုးဝင်ဖမ်းပြီး အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များကိုပါလုယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့သည်။

ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက “သူတို့တွေ(ARSA) ကိုတော့ မကြာခဏ မောင်တောမြို့နယ် အင်းဒင်၊သဝင်ချောင်း၊ ချိန်ခါလိန်(ရသေ့တောင်) ကျေးရွာအပါအဝင် ကျောက်ပန္ဒူအနီး မယူတောင်တွေမှာ အများအားဖြင့်တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားသော်လည်း ARSA နှင့် မွတ်ဆလင်လက်နက်ကိုင် တပ်များသည် ခရီးသွားပြည်သူများ၊ AA တပ်ဖွဲ့ဝင်များကို မကြာခဏ ချောင်းမြောင်းပစ်ခတ်မှုများ ရှိနေသည်။ 

လက်ရှိ အာရက္ခတပ်တော်သည် နယ်စပ်လုံခြုံရေးကို အလေးပေးဆောင်ရွက်နေသော်လည်း အခြားတစ်ဖက်တွင် ARSA ၏ အဖျက်အမှောင့်လုပ်ငန်းများကို ကြုံတွေ့နေရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...